Home

About me

ChatRoom

Download Myanmar Font

Download Myanmar Font
Download and install myanmar font

ဓါတ်လုံး သရဲကြောက်တတ်သည်

Thursday, September 29, 2011

ခုတလော စိတ်တွေလေနေတာနဲ့ facebook ပေါ်က သရဲပုံပြင်တွေ နေ့တိုင်းလိုလို ဖတ်ဖြစ်နေတယ် .. သရဲ ပုံပြင်ဖတ် .. youtube မှာ သရဲအကြောင်းတွေ ကြည့်.. အဲဒါနဲ့ အချိန်ကုန်နေတယ် .. holiday ဖြစ်တော့ ဘာမှ လုပ်စရာ မရှိတာလဲ ပါတာပေါ့ .. လုပ်စရာမရှိတာဆိုတာထက် မလုပ်တာဆို ပိုမှန်လိမ့်မယ် ... အပျင်းထူနေတာ ..

အဲဒီ သရဲဆိုတာကလဲ ဘာဖြစ်လို့ရယ်တော့ မသိဘူး ...  တခါမှတော့ အခြောက်မခံဖူးဘူး ...  ငယ်ငယ်က စာကြည့်တော့ လူရိုးခေါင်းပေါ် ဖယောင်းတိုင်ထွန်းပြီး စာကြည့်ခဲ့တာပဲ .. အမ၀မ်းကွဲ ဆေးကျောင်းတက်တုန်းက လူလက်ဖျံရိုးတွေကိုလဲ ဗုံတီးခဲ့တာပဲ ..  ကျနော်တို့ အဖွဲ့တွေက ရွှတ်နောက်နောက်တွေ ... halloween မှာ အလောင်းစားလုပ်တာ ကျနော်ရှုံးလို့သချိုင်းကုန်းမှာ ဘာဂါထိုင်စားခဲ့ရဖူးတယ် ...  တနာရီတိတိ ...း( (အဲဒီအကြောင်း နောက်မှ ရေးဦးမယ်) .. အစုံပဲပေါ့ အဲလိုဟာတွေ ....

ထားပါတော့ .. ခုနက ပြောချင်တာကို ဆက်မယ် ...
အဲဒီသရဲပုံပြင်တွေ ... မနက် အိပ်ရာထထချင်းကနေ စဖတ်လိုက်တာ ညမိုးချုပ် .. တခါတလေ ဇွဲကောင်းကောင်းနဲ့ ဖတ်နေတာ မနက် မိုးလင်းတယ် ...
လူက သရဲပုံပြင် သရဲကားတွေကို ၃ ၄ရက်လောက် ဆက်တိုက်ကြည့်ထားတဲ့ အရှိန်ကြောင့်လား မသိဘူး ...  ကိုယ်တယောက်ထဲ ရှိနေတုန်းဆိုရင် ဟိုနားလေးမှာ အရိပ်ကလေး တွေ့လိုက်သလိုလို ခြေသံလေး ကြားလိုက်သလိုလို ဖြစ်လာတယ် ...

အဲဒါနဲ့ မနေ့ညကပေါ့ ...  ညသန်းခေါင်း သရဲပုံပြင် ဖတ်နေတယ် ... ၃နာရီလောက် ရှိပြီ .. အားလုံး တိတ်ဆိတ်နေတာပဲ ... ပုံပြင်ကလဲ ကောင်းနေတယ် .. အရေးသားက ကောင်းတော့ ..
ပြီးတော့ အခန်းဆက်ဆိုတော့ ပုံပြင်ထဲမှာ မျောနေတုန်း .. အခန်း တံခါးကို တဒေါက်ဒေါက်လာခေါက်တယ် ...  ဒီအချိန်ကြီး ဘယ်သူပါလိမ့်လို့ စဉ်းစားနေတုန်း တဒေါက်ဒေါက်နဲ့ ထပ်ခေါက်တယ် ... တံခါးကို ဖွင့်ပေးလိုက်တော့ အပြင်မှာ ဘယ်သူမှမရှိ  ...
ဟုတ်တော့ ဟုတ်နေပြီ .. တသက်နဲ့ တကိုယ် ဒီတခါတော့ သရဲ အခြောက်ခံရပြီပေါ့ ... ခုနကလဲ အိမ်သာနားက ဖြတ်သွားတုန်း လူရိပ်လိုလို ဘာလိုလို တွေ့လိုက်သလိုပဲ ...  အဲဒီမတိုင်ခင်က အဖေ့ကို ဖုန်းဆက်တယ် ... လိုင်းကမကြည်တော့ ညအမှောင်ထဲမှာ လမ်းဖက် ထွက်ဆက်တယ် ... အဖေက ဗေဒင်ထဲမှာ ကံနိမ့်နေတယ် .... ညဥ့်နက်သန်းခေါင် အပြင်မထွက်နဲ့ ဘာညာနဲ့ ပြောတယ်ဆိုတော့မှ ကိုယ်လဲ အိမ်အပြင်ရောက်နေတာ သတိထားမိတယ် ... ဖြစ်ချင်တော့ ကိုယ်ဖုန်းပြောနေတာ သိပ်ပင်ကြီးတွေနားမှာ ... ကိုယ့်ဟာကိုယ်ဆို သတိထားမိမှာမဟုတ်ဖူး ... အဖေသတိပေးတော့မှာ လှည့်ကြည့်လိုက်တာ သစ်ပင်တွေက တရှဲရှဲနဲ့ လှုပ်လာရော ...  ကြက်သီးတွေများ ထလိုက်တာဗျာ ... မွှေးညှင်းလေးတွေဆို ထောင်နေတာပဲ ... လက်က အသားရေကလဲ ကော်ပတ်စားလို့ရသလား အောက်မေ့ရတယ် ... အဲလောက် တခါမှ ကြက်သီးမထဖူးဘူး ... အဲဒါနဲ့ လန့်ပြီး ကိုယ့်အခန်းကိုယ် ပြန်ပြေးတော့တာပဲ ...
အဲဒါ ဖုန်းဆက်နေတုန်းကပေါ့ ...

ခုနဟာကို ဆက်မယ် ...  အဲဒီ အပြင်မှာ ဖုန်းဆက်တာရယ် .. အရိပ်လိုလိုဟာကြီး တွေ့တာရယ် ဖြစ်ပြီးပီ .. ခုတော့ သူ တံခါး ခေါက်ပြီပေါ့ ... တံခါးဖွင့်ကြည့်တော ဘယ်သူမှ မရှိဆိုတော့ .. ဒီတခါတော့ သေချာပြီဆိုပြီး ကိုယ့်ကိုယ်ကို အသင့်ပြင်တယ် ... ဘယ်လိုပြင်တယ် မှတ်လဲ ... အခန်းထောင့် ဓါးကြီးကို ကိုင်ထားတာ .. ဟီး ...

သရဲက တံခါးထပ်ခေါက်ရော ... ဒီတခါတော့ ရဲဆေးတင်ပြီး တံခါးဖွင့်တယ် .. ဟုတ်နေပြီ .. ဘယ်သူမှ မရှိ ... လက်ထဲမှာကလဲ ဓါးကြီးက အသင့် .. အိမ်ရှေ့ခန်းကလဲ မှောင်လို့ ဘယ်သူမှ မရှိ ... အိမ်ပြင်တံခါးသွားဖွင့်တယ် .. အဲဒီတော့မှ ကျနော့်အခန်းဘေးက ချုံပုတ်ထဲကနေ မဲမဲ မဲမဲနဲ့ ထွက်လာတာဗျာ ... ကျနော့်မှာ လက်ကသာ ဓါးကြီးကိုင်ထားတာ လူက တုန်နေပြီ ... ထပ်ခြောက်ရင် ရှူရှူးပါ ထွက်ကျတော့မှာ ...

ပြီးတော့မှ အဲဒီသရဲကို သေချာစိုက်ကြည့်နေရင်းနဲ့ .. အမယ် သရဲက စပ်ဖြီးဖြီးနဲ့ဗျ ... မှောင်မှောင်မဲမဲထဲမှာ အသားကလဲ မဲတာမှ နက်လို့  .. ဒါပေမယ့် သွားလေးက အဖွေးသားနဲ့ .. မျက်စိမှုန်တဲ့ ကျနော်တောင် မြင်ရတယ် ... အဲဒီလိုနဲ့ ခြုံဖုတ်ထဲကနေ အိမ်တံခါးရှေ့ မီးရောင်အောက်နား ရောက်လာရော ... ကျနော်ကလဲ ဓါးကို အသင့်ပြင်လိုက်ပြီ... အနားကပ်လာလို့ကတော့ ခုတ်မှာပဲ .. သရဲသော ဘာသော မရဘူး .. 

သရဲကလဲ မီးရောင်ထဲမှာ ကျနော့်ဓါးကို မြင်တော့ လန့်သွားတယ်ထင်တယ်... တချက်တန့်သွားတယ် ...
ပြီးတော့မှ သရဲက အဲဒီနေရာကနေပဲ လှမ်းပြီး Machaella ရှိလားတဲ့ .. သရဲက စကားတောင် ပြောတယ်ဟ ... ဘယ်က မက်ခေလာလဲလို့ဆိုတော့ ... နာမည်အပြည့်စုံပြောပြတော့မှ အရင်က ဒီအခန်းမှာ နေသွားတဲ့ ကောင်မလေး ဖြစ်နေတာကိုး ... အဲဒီတော့မှ ကျနော်လဲ သရဲမဟုတ်လောက်ဖူးဆိုပြီး အိမ်ရှေ့နား ထွက်လာကြည့်တော့မှ .. ဒီအဆောင်ဝင်းထဲမှာ အရင်ကနေဖူးတဲ့တယောက်ဖြစ်နေတာကိုး ...

ဖီဂျီကုလား .. အသားက မဲတာမှ ပြောင်လို့ ... အဆောင်ဝင်းထဲမှာ နေသွားတော့ ... မရင်းနှီးပေမယ့် မျက်မှန်းတော့ တန်းမိတယ် ... ဒီကောင်လဲ ကျနော့်ကို မှတ်မိသွားတယ်ထင်တယ် ... ဘာလုပ်နေတာလဲတဲ့ ဓါးကြီးနဲ့တဲ့ .. ကျနော်ကလဲ .. ဘာမှမဟုတ်သလို ဖောရှောလုပ်ရတာပေါ့ ... 
ဖြစ်ပုံက သူက အဲဒီကောင်မလေးကို လာရှာရင်း ကျနော့်အဆောင်တွေဖက် ရောက်လာတာ ... အရက်မူးလာလိမ့်မယ် .. အရက်နံ့ကို ထောင်းနေတာပဲ ...  ည ၃နာရီလောက်ကြီးဆိုတော့ အကုန်လုံးက အိပ်နေကြပီ .. အခန်းတွေက မှောင်လို့ .. အဲဒီမှာ ကျနော့်အခန်းတခုထဲက ကွက်ပြီး မီးလင်းနေတယ်လေ ... အလုပ်ကြီးအကိုင်ကြီး သရဲပုံပြင်ဖတ်နေတာ ... အဲဒါနဲ့ သူလဲ ပြတင်းပေါက်ကို လာခေါက်တာ ... 

ဖြစ်ချင်တော့ ကျနော့်အခန်းက အသံလုံတယ်လေ .. ပြီးတော့ ဟီတာဖွင့်ထားတာ ဟီတာက စုတ်နေတော့ တဂျီဂျီနဲ့ အသံမြည်နေတာမှာ မှန်ပြတင်းပေါက်ကို ခေါက်တာကို တံခါးခေါက်တယ်မှတ်သွားတာ ...
အဲဒီကုလားသာ အဲဒီကောင်မလေးရှိလားလို့ မမေးပဲ ကျနော့်ဓါးကြီးကိုမြင်ပြီး လန့်ပြေးရင်တော့ ကျနော်လဲ သရဲလာခြောက်တယ်လို့ တကယ်ထင်သွားမှာပဲ ...
ဒီလိုပါပဲ .. သရဲတော့ မဟုတ်လိုက်ပါဘူး ... ဒါပေမယ့် လဲပေါ့လေ ... တချိန်မှာ ပြန်တွေးရင် ရီစရာကောင်းမယ့် အဖြစ်ပျက်လေးတွေပေါ့ ...

0 comments:

Post a Comment