Tuesday, September 27, 2011
အဖိုးပြောတဲ့သိုက်အကြောင်း(၂)
7:05 AMဘိုးဘိုး မနေ့ကလေ ဘိုးဘိုးပြောတယ်မလား သိုက်ချုပ်ဘိုးတော်ကြီး ဆိုတာ သူ့ကိုဘယ်သူက ခန့်တာတုန်း ၊ တရားဝင်ခန့်တာလား ဆွဲခန့်လား ၊ အိုး တရားဝင်ခန့်တာပေါ့ကွယ် ၊ သိုက်ချုပ်ဘိုး တော်ကြီးကို ၊ ကမ္ဘာရဲ့ မြောက်ဘက်ခြမ်းကို စောင့်ရှောက်တော်မူတဲ့ ၊ ကုဝေရ နတ်မင်းကြီးက ခန့်အပ်ထားတာ သိုက်ချုပ်ဘိုးတော်ကြီး ဆိုတာလဲ စတုမဟာဇရာဇ် နတ်စာရင်းဝင်တဲ့ နတ်ပါဘဲ ဘာလို့ခန့်အပ်ရသလဲ ဆိုရင် ၊ မနေ့က ပြောခဲ့တယ်လေ ဘုရားတည်ပြီးသွားရင် ကျောင်းတွေ ဆောက်ပြီးသွားရင် ဘုရင်တွေဟာ မြေအတွင်းမှာ အသုံးကံကြွေးချတဲ့အခါ ၊ ထောင်နှစ်ကြီးသမား ကို မင်းတို့ ဒီဥစ္စာတွေကို စောင့့််ရှောက်ကြ ၊ ဘုရားမပြိုမပျက်ခြင်း ကျောင်းမပြိုမပျက်ခြင်း ဘယ် သူတစ်ဦးတစ်ယောက်မှ တူးဖော်ယူငင်လို့မရစေနဲ့ ၊ တူးယူသွားတဲ့ လူတွေလဲ ဘုရားကျောင်းကံ စေတီပုထိုး မပြုပြင်ဘဲ စားသောက်သုံးယူခဲ့သော် ၊ ကမ္ဘာမြေရဲ့ သဲလုံးနဲ့ အမျှငရဲမှာခံရပါစေလို့ ကျိန်စာ တိုက်ခဲ့ပြီး ခုနက နှစ်ကြီးသမားတွေကို သတ်ဖြတ်ပြီး အစောင့်ထားခဲ့တယ် ၊အဲဒီ အစောင့်တွေဟာ အစိမ်းသေရတော့ နတ်ပြည်မရောက်နိုင်ဘူးကွယ် မင်းပြစ်မင်းဒဏ်နဲ့ မချိမဆန့် သေရတာဖြစ်လို့ ၊ သူတို့ဟာ အစိမ်းသရဲ ပြိတ္တာကြီးတွေ အဲလိုတွေဖြစ်ပြီး ဒီဥစ္စာတွေကို စောင့်ရတယ် ဘုရင်က စောင့်ဆိုလို့သာ စောင့်ရရှာတယ် သူတို့က ဘာအတွက် ဘယ်အတွက် ဆိုတာ မသိဘူး ဒါကြောင့် သရဲသဘက် ပြိတ္တာ စတာတွေကို နိုင်နင်းတဲ့ အထက်လော်ကီ ပညာဆရာကြီးများက ထိုထိုသိုက်တွေကို တူးယူတယ် အဲလိုတူးယူုတော့ ဘုရားစေတီတွေရဲ့ ဘဏ္ဍာတွေ ဆုံးရှုံးလို့မို့ ၊ စတုမဟာရာဇ်နတ်မင်းကြီး ကုဝေရက ထိုထိုသိုက်တွေကို စီမံအုပ်ချုပ်ဖို့ စာရင်းဇယား လုပ်တဲ့ သိုက်ချုပ်ဘိုးတော်ကြီးတစ်ပါး ခန့်အပ်လိုက်တယ် ၊ ဒီနေရာမှာ မြေးကို ကျိန်စာ ဆိုတာပြောအုံးမယ် သိင်္ဃာသူ့ သမီးကျောက်စာတို့ ၊ မိဖုရားဖွားစော ကျောက်စာတို့ ၊ ပုဂံမြင်းကပါ အရပ်က မြစေတီကျောက်စာ တို့မှာတောင် “ငါရဲ့ အလှူကို ဖျက်ဆီးသူများ ဘုရားဖူးခွင့် မကြုံရပါစေနဲ့ ၊ ပြုပြင်သူများ သူတို့နဲ့ တူတူ အရိမေတ္တယျ မြတ်စွာဘုရားကို ဖူးရပါစေ ” စသဖြင့် ရေးသားပြီး ကျောက်စာထိုးခဲ့တယ် ၊ အဲဒါကျိန်စာဘဲကွယ် ၊ ယဉ်ယဉ်လေးနဲ့ ကျိန်စာတိုက်ခဲ့တာ ။
“ ဘိုးဘိုး ဒါဆိုကျိန်ရင် တကယ်ဖြစ်သလား” ၊ နောက်ပြီးတော့ ခုနက လူသတ်ပြီး အစောင့်ထားခဲ့တဲ့ လူတွေကရော ဥစ္စာစောင့်ဖြစ်သလား ၊ အင်းကျိန်ရင် တကယ်ဖြစ်တယ်လို့ အယူရှိတာပေါ့ ၊ တကယ်ဖြစ်တယ် ဘာလို့လဲ ဆိုရင် ရှေးတုန်းက လူကြီးသူမတွေဟာ သီလ သမာဓိ ပညာ အားလုံးနဲ့ ပြည့်စုံကြတယ် ၊ ဒါကြောင့် သူတို့ပြောတဲ့ ဟာဖြစ်တာပေါ့ ၊ ဘုရင်တွေက ဒီနေရာမှာနေ ဟိုနေရာမှာနေလို့ အမိန့်ချခဲ့ရင် သရဲသဘက်တွေက ဘုရင့်အမိန့်နာခံရတယ်ကွဲ့ ၊ ဘုရင်ဆိုတာ ရေမြေ့သနင်းကွယ် လောကသမ္မုတိရထားတဲ့ ပုဂ္ဂိုလ် ၊ တိုင်းပြည်မှာ ဘုရင်ဟာ အာဏာ အကြီးဆုံးဘဲ သူ့တို့ရဲ့ အမိန့်ကို ဘယ်သူမှ လွန်ဆန်လို့ မရဘူး ၊ ငါမြေးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟုသုတ ပြောပြရအုံးမယ် ၊ ဘိုးဘိုး ဖဆပလအဖွဲ့ချုပ်မှာ တာဝန်ထမ်းတုန်းက ဂျပန်စစ်ပြန် အင်္ဂလိပ် စစ်ပြန် ခြေကျိုးလက်ပြတ်တွေအတွက် ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ထူ ထောင်ရေးလုပ်ဖို့ တာဝန်ပေးလို့ ပြန်လည်နေရာချထားရေး လုပ်ရတယ် ၊ အဲဒီမှာ ရန်ကုန်မြို့တွင်းထဲက မြေပို မြေလျှံတွေကို ရှင်းရတယ် ၊ အခုကျိုက္ကဆံကွင်းနားဝန်းကျင်က လူကြီးလက် လေးဖက်လောက်ရှိတဲ့ ကုက္ကိုလ်ပင်ကြီး တစ်ပင်ဟာ လှဲဖို့အကြောင်းဖြစ်လာတယ် ၊ နှစ်ပရိစ္ဆေဒတွေ ကြာပြီမို့လား ၊ အပင်ကြီးတော့ အစောင့်အရှောက် တွေရှိမှာပေါ့ ၊ အဘိုးက သစ်ပင်ကို လှဲပြီး လမ်းဖောက်ဖို့ ၊ ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကို တာဝန်ပေးလိုက်တော့ ၊ သစ်ပင်က လှဲလို့မရဘူး ကိုင်းကြီးတွေ ကကြီးတော့ ပင်စည်ကနေ လွှနဲ့တိုက်ချလို့မဖြစ်ဘူး ၊ အပင်ပေါ်တက်ပြီး ကိုင်းတွေ ကို အရင်လွှနဲ့ တိုက်တိုက်ချရတယ် ၊ အဲဒီမှာ လူတွေက အပင်ပေါ် တက်သွား ပြီးရင် လွှတို့ ဓားတို့ ကို အောက်ကနေ ကြိုးနဲ့ လှမ်းယူ ၊ သိပ်မကြာဘူး “အုန်း”ဆို ကန်ချလိုက်တယ် ၊ ရှေးတုန်းက လူတွေက လူပေလူရွှတ်တွေ သိပ်ကြောက်တဲ့ လူတွေလဲမဟုတ်ဘူး ကန်ချလဲ တက်တာဘဲ ၊ ညနေ ရောက်တဲ့ အထိ အပင်ပေါ်တက်လို့မရတာနဲ့ ၊ တာဝန်ရှိသူတွေက အဘိုးကို လာပြော ကြတယ် ၊ ဒီလိုဒီလို ဖြစ်တယ်ပေါ့ ၊ ဒါနဲ့ အဘိုးကလိုက်သွားပြီး အစောင့်တွေ ဘာတွေရှိရင်လဲ ဖယ်ရှားဖို့ ပြောတော့ လူတစ်ယောက်ကို အပင်စောင့်တဲ့ အကောင်က ပူးကပ်ပြီး ၀င်ပြောတယ် ၊ “သတိပေး နေတာကို မရဘူးလား အသေဆိုးနဲ့ သေကုန်မယ် တက်ရဲတက်လာ ကြည့်ခုတ် ရဲခုတ်ကြည့်” လို့ပြောဆိုပြီး ထွက်သွားတယ်ကွယ် အဲဒါနဲ့ ဘိုးဘိုးက ဗိုလ်ချုပ် အောင်ဆန်းဆီကို သွားပြီး အမိန့်ပြန်တမ်းတစ်ရွက် တောင်းတယ် ၊ ဒီစာထဲမှာ “ဤအပင်ကို နိုင်ငံတော်၏ စီမံကိန်း တစ်ရပ်ရပ်ကြောင့် မကြာခင်ခုတ်လှဲပြစ်မည် ၊ ဆိုင်ရာ အစောင့်အရှောက်များ ၊ သင့်တော်ရာနေကြ အမိန့် စစ်သေနာပတိချုပ် ၊ ဗိုလ်ချုပ်အောင်ဆန်း”ဆိုပြီး စာထုတ်ပြီး သစ်ပင်အောက် သွားဖတ် ရတယ် ၊အဲဒီမှာ အစောင့်ဖြစ်သူက လူကိုပူးပြီး ပြောင်းပေးပါ့မယ် နေရာရှာပေးပါ ဆိုလို့ ငါတို့က မရှာတတ်ဘူး မင်းဘာသာ ရှာဆိုတော့ ၊ အခုကျိုက္ကဆံ ဘုရားဝန်းထဲက စစ်ပင်လို့ခေါ်တဲ့ အပင်ကြီးတစ်ပင်မှာ အစောင့်မရှိဘူးလို့ပြောတာနဲ့ အဲဒီအပင်ကို ဘုရားစောင့် နတ်တွေဆီကနေ တောင်းပေးလိုက်ရဖူး တယ်ကွယ် ။
ဒါဆို ဗိုလ်ချုပ်အောင်ဆန်းကို သရဲကကြောက်တာပေါ့ ၊ မဟုတ်ဘူး အဲဒီအချိန်ခါက ဗိုလ်ချုပ်ဟာ တိုင်းပြည်မှာ အကြီးအကဲ ဖြစ်နေလို့ သူတို့ကကြောက်တာ လောကသမ္မုတိမင်းဆိုတာ အဲဒါကို ပြောတာ သြဇာအာဏာ ရှိကြတယ် ၊ စောစောက မြေကြီးထဲ ရတနာတွေ ထားခဲ့ပြီး ဒီနေရာမှာ စောင့်ရှောက်ရစ်ကြလို့ အမိန့်ထုတ်ထားခဲ့ရင် အဲဒီအသတ်ခံရတဲ့ လူတွေဟာ အဲဒီနေရာကနေ တခြား ဘယ်မှသွားလာခွင့် မရှိတော့ဘူး အဲဒီဥစ္စာတွေကို မကျွတ်မလွတ်ဘ၀တွေနဲ့ စောင့် ရှောက် နေရတယ် ၊ အဲဒီအစောင့်တွေက သရဲသဘက်ကြီးတွေ ဖြစ်နေတော့ သူတို့ကိုနိုင်တဲ့ အထက်ဆရာတွေ အောက်လမ်းဆရာတွေက သူတို့ကို မလှုပ်နိုင်အောင်လုပ်ပြီး ၊ ရတနာတွေယူ ကြတယ် ၊ ဒါကြောင့် သာသနာစောင့်နတ်မင်းတွေက ဒီသရဲတွေရဲ့ အထက်မှာ အုပ်ချုပ်ဖို့ တန်ခိုး အနည်းငယ်ရှိတဲ့ နတ်ပြိတ္တာတွေလွှတ်ပြီး အဲဒီအသိုက်တွေမှာ အကြီးအကဲခန့်အပ်ကြတယ် ၊ ခုနက သရဲသဘက်တွေကတော့ အစောင့်အရှောက်ဖြစ်ကုန်တယ် ၊ နတ်မင်းတွေ ခန့်အပ်တဲ့ နတ်ပြိတ္တာ တွေက သိုက်နန်းရှင် ဆိုတဲ့နာမည်နဲ့ သိုက်ရဲ့ အရှင်သခင်ဖြစ်သွားတယ် ။ မူလက စောင့်ရှောက်နေတဲ့ မကျွတ်မလွတ်တွေကတော့ သိုက်ရဲ့ အစောင့်အရှောက်တွေဘဲ ဆက်ဖြစ်တယ်ကွယ်။သိုက်ချုပ်ဘိုးတော်ကြီးဆိုတာက နတ်မင်းတွေခန့်အပ်တဲ့ သိုက်နန်းရှင်တွေရဲ့ အထက်မှာ စာရင်းဇယား ပြုစုပြီး ဒီသိုက် ဒ်ီသိုက်တွေဟာ သာနာတော်ပိုင် ဥစ္စာတွေဖြစ်တယ် ဆိုပြီး မှတ်သားထားတယ်။၊ နောက်ပြီး မကြာခဏ လူဝေးရာကို ရွှေ့ပြစ်တယ် ၊ ဒါဟာ သိုက်ချုပ်ဘိုးတော်ကြီး လုပ်တဲ့အလုပ်ဘဲ ။
ဘိုးဘိုးသိုက်တူးဖူးတယ်နော် ဟုတ်ပ ၊ သိုက်တစ်ခု တူးမယ်ဆိုရင် မြေပုံလိုတယ်မဟုတ်ဘူးလား ၊ မြေပုံမဟုတ်ဘူးကွယ် သိုက်စာပါ ၊ အင်း အဲဒီသိုက်စာကို ဘိုးဘိုးတို့က ဘယ်ကရတုန်း ၊ အင်း ဒါက ဘိုးဘိုးတို့နဲ့ မဆိုင်ဘူးကွယ် ၊ ဘိုးဘိုးတို့က နောက်လိုက် ဘိုးဘိုးရဲ့ ဆရာသမားတွေ ရှိတယ် သူတို့ကဆီမှာ ရှိတာပေါ့ ၊ သူတို့က ဘယ်ကရတုန်း အင်းသိုက်စာ ဆိုတာက တချို့က ပြိုပျက်သွားတဲ့ ဘုရားစေတီတွေထဲက ရတယ်ကွယ် ၊ တချို့ဟာတွေကတော့ သိုက်တူးရင်း သိုက်ထဲက ရတနာတွေအပြင် သိုက်စာတစ်ခုပါ တစ်ပါတည်းရခဲ့တယ်၊ တချို့ကတော့ စကားဟောင်းနဲ့ သိရတယ် ၊ ဘိုးဘိုးရဲ့ဆရာသမားကြီးဟာ ၊ ဦးသိဒ္ဓိဗလတဲ့ ရခိုင်လူမျိုးကြီး ၊ သူ့ရဲ့ အဆက်အနွယ်တွေက ရခိုင်ဘုရင် မင်းဆက်တွေက ဆင်းသက်လာတာ ၊ စာပေဆိုတာ အင်မတန်နှံ့စပ်တယ် ၊ သူ့မှာ သိုက်စာတွေကတော့ ပုံလို့ ၊ သူကရှိတယ်ဆိုတဲ့ နေရာကို ဘိုးဘိုးတို့က သူနောက်လိုက်ပြီး သူခိုင်းတာလုပ်ရတာဘဲ ၊ တချို့သိုက်စာတွေက ဘယ်လောက်တိကျသလဲဆိုရင် ဘယ်မြို့ ဘယ်ရွာ ဘယ်ဘုရား အဲလိုလိပ်စာမှာ အတိအကျပါတယ် ၊ အဲနေရာတွေကို ဆရာကြီးရောက်တောင် မရောက်ဖူးဘူး တပည့်တွေကို ငွေပေးပြီးလွှတ်ကြည့်ခိုင်းတယ် ၊ သူပြောတဲ့ နေရာမှာ သူပြောတဲ့ အမှတ်အသားတွေရှိတယ် ကျိန်းသေပြီ ဆိုမှ သူကပါလိုက်လာပြီး သိုက်တူးဖို့လုပ်ကြတယ် ။
ဘိုးဘိုးသိုက်စာ ဆိုတာ ဘယ်တုန်းကစပေါ်တာတုန်း ပုဂံခေတ်က ပေါ်တာလား ၊ ဘယ်ကသာ မြေးရယ် ၊ မဟုတ်ပါဘူး အင်းဝခေတ်လောက်မှာ ပေါ်တယ်လို့ထင်ပါတယ် ၊ ဘိုးဘိုးတို့ ဆရာသမား တွေပြောတာကတော့ “သိုက်စာအစ နတ်စက်ရောင်ကလို့” ဆိုတယ်ကွယ် ၊ နတ်စက်ရောင် ဆိုတာ လူနာမည်မဟုတ်ဘူးကွယ် ၊ ဘုန်းကြီးနာမည် လောကီပညာတွေကို အထိဋ်အထိပ် ရောက်အောင်တတ်တော်မူတဲ့ ဘုန်းတော်ကြီးကွဲ့ ၊ အင်းဝမင်းဆက်ဆိုတာ သက္ကရာဇ် ရ၂၆ ခုနှစ်ကနေ သတိုးမင်းဖျားကနေ စတင်တည်ထောင်လာလိုက်တာ ၊ သက္ကရာဇ် ၁၀၉၅ ဟံသာဝတီပါမင်းလို့ ခေါ်တဲ့ မဟာဓမ္မရာဇာဓိပတိမင်းထိ မင်းဆက်ပေါင်း ၂၀ဆက်ရှိတယ် နတ်စက်ရောင် ဆရာတော်ဟာ မာန်အောင်မြင်ဘုရားဒါယကာ လို့နာမည်ကြီးတော်မူတဲ့ မင်းဆက် ၂၀ဘုရင်ရဲ့ အဘိုးတော်တဲ့ စနေမင်းလက်ထက်မှာ ပေါ်ပေါက်ခဲ့တာ ထူးတော့ထူးဆန်းတယ်ကွယ် ဘုရင်က ဘုရားထီးတင်မဲ့ နေ့မှာ ဒီဆရာတော်ကြွလာပြီး ဇာတာတွက်ကြည့်တော့ မနက်ဖြန် တင်မဲ့ ထီင်္းတော်ကို ဒီဘုရင်အသက်က မမှီရှာတော့ဘူး ဒီည သန်းခေါင်အချိန်မှာ ဘုရင်နတ်ရွာစံမယ်လို့ အဟောထုတ်လိုက်တယ် ၊ ဘုရင်က မသေရင် ဘယ်လိုလုပ်ရမလဲလို့ နတ်စက်ရောင် ဆရာတော် ကိုလျှောက်တော့ လက်ရယ်ခြေထောက်ရယ်ကို ဖြတ်ပါ ၊ မျက်လုံးနှစ်လုံးကို ဓားချွန်နဲ့ ထိုးပါ လို့ အလောင်းအစားထပ်ကြတယ် ၊ ည၁၂နာရီမှာ ဘုရင်ဟာ အဖျားဝင်ပြီး နတ်ရွာစံရှာတယ် ၊ ဒါကိစ္စတွေကို အစအဆုံးသိတော်မူတဲ့ ၁၉ဆက်မြောက်ဘုရင် တနင်္ဂနွေမင်းဟာ နတ်စက်ရောင် ဆရာတော်ကို ဘုရင်ကိုးကွယ်ခံ ဆရာတော်အဖြစ် မြှောက်စားလိုက်တယ်။
အဲဒီကာလမှာ ဟိန္ဒူဝါဒီ ကသည်းတွေ တော်လှန်ပုန်ကန်တာရယ် ၊ အောက်ပြည်တစ်လွှားက မွန်တွေထကြွတာရယ် ၊ အယုဒ္ဓယဘက်က ပုန်ကန်တာရယ်တွေကြောင့် မင်းဆရာ နတ်စက် ရောင်ဟာ စစ်တိုက်ဖို့ ပြင်ဆင်နေရတဲ့ တနင်္ဂနွေမင်းအတွက် စေတီပုထိုး ဘုရား ကျောင်းကန်တွေ အတွက် သိုက်စာ ရေးသားခဲ့ တယ် ၊ နောက်ပြီး နတ်စက်ရောင် ဆရာတော်ဟာ ဟံသာဝတီထီးနန်းကို မွန်တွေသိမ်းပိုက်မှာကို ကြိုတင်သိရှိတဲ့အတွက်၊ ဘုရင်မင်းတရားကြီးရဲ့ လက်စ မပြတ်သေးတဲ့ ကောင်းမှုတော်တွေ အတွက် မြေတွင်းမှာ ရတနာတွေ ထားခဲ့ပြီး ၊ သိုက်စာ ရေးသားတော်မူခဲ့တယ် ၊ နောက်သိုက်စာ တစ်မျိုးရှိသေးတယ် အဲဒါကလဲ နတ်စက်ရောင် ဆရာတော်ဘဲရေးခဲ့တာ သူကတော့ နန်းဆက်သိုက်စာလို့ နာမည်ကြီးတယ် ၊ “သစ္စာအကျင့်မှန် ကုသိလ သစ္စံတမန် အစောင့်ထား မုဆိုး တစ်ကျိပ်ငါး”ဘိုးဘိုး အဲဒါက ဘာကြီးတုန်း အဲဒါက ကုန်းဘောင်မင်းဆက်တွေ့ရဲ့ နေ့နံတွေလေကွယ် ၊ သ ဆိုတာ သောကြာ ကုန်းဘောင်မင်းဆက်ကို တည်မဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ သောကြာသားကွယ် ၊ စ္စာ ဆိုတာအင်္ဂါကွယ် သူ့နောက် နန်းတက်တဲ့ နောင်တော်ကြီးမင်း ကအင်္ဂါသားကွယ် နာမည်က (မောင်လောက်တဲ့ ) “အ”ဆိုတာ ကတော့ တနင်္ဂနွေကွယ် ၊ နောင်တော်ကြီးမင်းရဲ့ နောက်မှာ နန်းတက်မဲ့ ဘုရင်က မြေဒူးမင်းတဲ့ နာမည်က မောင်ရွ တဲ့ တနင်္ဂနွေသားပါကွယ် ၊ နာမည်နဲ့ နေ့နံမအပ်တာပါ ၊ ကျင့် ဆိုတာက တနလာင်္ပါကွယ် ၊ ငစဉ့်ကူးမင်းရဲ့ နေ့နံပေါ့ သူ့ငယ်နာမည်က မောင်ရဲလှကွယ် ၊ မှန် ဆိုတာက ကြာသပတေးကွယ် အဲဒီမင်းနောက် နန်းတက်တဲ့ ဖောင်းကားစားမင်း လို့နာမည်ကြီးတဲ့မင်း ပေါ့။ နာမည်က မောင်မောင်တဲ့ကွယ် ၊ ကု ဆိုတာတနလာင်္ပေါ့ ဗဒုံမင်းလဲ ခေါ်တယ် ဘိုးတော်ဘုရား လဲခေါ်တယ် ဘုရင်ရဲ့နာမည် ငယ်နာမည် မောင်ဝိုင်း တန လာင်္သားပါကွယ် ၊ သိ ဆိုတာ သောကြာကွယ် ဘကြီးတော်မင်း သို့မဟုတ် ဖန်နန်း ရှင်ခေါ်တဲ့မင်းပေါ့ သူက သောကြာသား ငယ်နာမည်က မောင်စိန်တဲ့ကွယ် ၊ ဘိုးဘိုးဟာက နာမည်တွေနဲ့နေ့နံတွေနဲ့ ကိုက်လဲမကိုက်ဘူး။ ကိုက်ရင် ဘုရင်ဘယ်ဖြစ်တော့မလဲကွယ် ၊ သိုက် စာက သက္ကရာဇ် ၁၀၉၅ ခုနှစ် အင်းဝခေတ် မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်မှာ ရေးခဲ့တာတာကွယ် ၊ ဘုန်းဘောင်မင်းဆက်ကို စတည်ထောင်တာ “ဥသြတွန်မည်” ကုန်းဘောင် တည် ဆိုတဲ့ တဘောင်အရ ၁၁၀၅ခုနှစ်မှာ ဒါက မှားတယ်ကွယ် ၊ ကုန်းဘောင်တည်ထောင်တာ သက္ကရာဇ် ၁၁၀၄ခု ဘာလို့လဲ ဆိုတော့ ကုန်းဘောင်ကို စတင်တည်ထောင်ခဲ့တဲ့ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ တည်ခဲ့တဲ့ ရွှေချက်သို စေတီကျောက်စာမှာ သက္ကရာဇ် ၁၁၀၄ခုမှာ ရတနာသိင်္ဃမြို့ကို တည်တော်မူ၍ ၁၁၁၄မှာ နန်းတက်တော်မူသော အလောင်းမင်းတရားကြီး ကောင်းမှုတော်လို့ ကျောက်စာထိုးထားတယ်ကွယ် ၊ ခုနက စကားပြတ်သွားအုံးမယ် ပြန်ပြောအုံး ဘိုးဘိုးကလဲ ဘာလို့ဘုရင်တွေက နာမည်နဲ့ နေ့နံမကိုက်တာတုန်း လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ရေးခဲ့တဲ့ သိုက်စာက တိတိကျကျမှန် နေတော့ ဘုရင်တွေက သားမွေးတာနဲ့ နာမည်တစ်ခြား နေ့တစ်ခြားမှည့်လိုက်တယ် ၊ တော်ကြာ မင်းလောင်းဆိုပြီး ငယ်စဉ်ကတည်း ဖျောက်ဖျက်ပြစ်မှာ ဆိုးလို့ကွယ် ၊ ဘကြီးတော်မင်းပြီးတော့ သိုက်စာမှာ လ အက္ခရာဟာ ဗုဒ္ဓဟူးလို့ ဆိုလိုတယ် ၊ သာယာဝတီမင်းကို ဆိုလိုတာကွယ် သာယာဝတီမင်းသားက ဗုဒ္ဓဟူးသားကွယ် ငယ်နာမည်က မောင်ခင်တဲ့ ၊ သစ္စံက သ အက္ခရာက သောကြာ ကိုညွှန်းတာကွယ် ၊ သာယာဝတီမင်းနောက် နန်းတက်မဲ့ ပုဂံမင်းကွယ် သောကြာသား နာမည်က မောင်ထောင်တဲ့ ၊ စ္စံ ဆိုတာက အင်္ဂါကိုဆိုလိုတယ် ပုဂံမင်းနောက် နန်းတက်ခဲ့တဲ့ မင်းတုန်း မင်းတရားကြီးဟာ အင်္ဂါသားပေါ့ ၊ နာမည်က မောင်လွင်တဲ့ ၊ တ အက္ခရာကတော့ စနေနံ ကိုဆိုလို တာပါ ၊ မင်းတုန်းမင်းကြီးနောက် နန်းတက်မဲ့ သီပေါဘုရင်လေးဟာ စနေသားပေါ့ကွယ် ငယ်နာမည် မောင်ရေစက်တဲ့ ၊ ဒါကြောင့်ဘုရင်တွေရဲ့ နန်းဆက်နဲ့ နန်းသက် ကိုသိရအောင် ၊“သားမြတ် အစစ် သုံးနှစ်စစ်ကိုင်း၊ဆင်ဖြူတိုင်းမှာ ဆယ့်သုံးနှစ်သာ၊သားသည်ခြောက်နှစ် စဥ့်ကူးဖြစ်၍၊ ရက် သစ်ခွန်ကား ဖောင်းကားစား၊ ဘိုးတော် သုံးခွန် ၊မှန်ရှင်ဆယ့်ရှစ် ၊ ကိုးနှစ် သာယာဝတီ ၊ပုဂံသည် ခြောက်၊နှစ်ဆယ့်ခြောက် တုန်း(မင်းတုန်း) ၊နန်းဆုံးခွန်နှစ် သီပေါဖြစ်၏” လို့ ရှေးပညာရှိများ နန်းဆက်နဲ့ နန်းသက်ကို ဒီလိုရေးထားခဲ့ကြတယ် ။
ဒီသိုက်စာ အရဆိုရင် ကုန်းဘောင်မင်းဆက်က ၁၅ဆက်ပေါ့ အေးပေါ့ကွဲ့၊ ဟင် ၁၁ဆက်တည်းပါ ဘိုးဘိုးကလဲ သားတို့ စာထဲမှာ ပါတယ်လေ ဘိုးဘိုးပြောတာလဲ ၁၁ပါးဘဲဟာကြီး သိုက်စာမှားတာ မလား ဘယ်ကသာကွယ် သိုက်စာဟာ အစစ်အမှန်ဆို မှားရိုးမရှိဘူးကွဲ့ ဘိုးဘိုးကိုယ်တွေ့ တွေများပေါ့ ၊ ဒါဆိုကျန်တဲ့ လေးပါးဘယ်မှာတုန်း အင်း သီပေါမင်းအထိ ၁၁ခုနော် ၊ မာန် အစောင့် ထား ဆိုတာ ကျန်နေတယ်မို့လား အဲဒီထဲက မာန်ဟာ ကြာသပတေးကို ကိုယ်စားပြုတယ်ကွယ် အင်္ဂလိပ်ခေတ်မှာ ဘုရင်ခံဖြစ်ခဲ့တဲ့ ဒေါက်တာဘမော်ဟာ ကြာသပတေးသား ၊ အဆိုတာ တနင်္ဂနွေသားဗိုလ်ချုပ် ကိုဆိုလိုဟန်ရှိတယ် ၊ စောင့် ဆိုတာကတော့ အင်္ဂါသား သမ္မတကြီး စ၀်ရွှေသိုက်တဲ့ ၊ ထားဆိုတာက စနေသားကြီး သမ္မတကြီးမဟာသရေစည်သူ စောဘဦး ကိုဆိုလိုတာ၊ ဘိုးဘိုး ဗိုလ်ချုပ်အောင်ဆန်းက ထိန်လင်းလေ စနေသားမဟုတ်လား မဟုတ်ပါ ဘူးကွယ် ၊ စနေနေ့ညမှာ မွေးတာပါ ၊ ဗိုလ်ချုပ်ရဲ့ ဇာတာကို မန္တလေးက ဖလိတစိန္တာ ဆရာကြီး ဦးဘိုထွေး စစ်ပေးထားတာ ရှိပါတယ် ၊ ၁၉၁၅ ခု ဖေဖော်ဝါရီ၁၃ရက် မြန်မာသက္ကရာဇ်၁၂ရ၆ တပေါင်းလဆန်း ၁ရက် စနေနေ့ညမှာ မွေးတာပါ ဒါကြောင့် ဗိုလ်ချုပ်ဟာ တနင်္ဂနွေသားပါကွယ် ၊ ဘိုးဘိုးဆရာက လွတ်လပ်ရေး မရခင် ၂နှစ်အလိုမှာ ဆုံးတယ် ၊ သူကမသေခင် စကား စပ်မှိရာကနေ ဗိုလ်ချုပ်ဟာ တိုင်းပြည်မအုပ်ချုပ်ရဘူး နောင် တိုင်းပြည်အုပ်ချုပ်မဲ့ လူဟာ အင်္ဂါသားလို့ ပြောသွားတယ်ကွယ် ၊ လွတ်လပ်ရေး ရတော့ မြန်မာနိုင်ငံရဲ့ ပဋ္ဌမဦးဆုံး သမ္မတ ကြီးဟာ စ၀်ရွှေသိုက်ဖြစ်လာတယ် ၊ သူကဘုရင်လဲမဟုတ်ဘဲနဲ့ အော်ခက်ကုန်ပြီကွယ် ၊ တိုင်းပြည် အုပ်ချုပ်တဲ့ လူဆိုတာက မင်းပါဘဲကွယ် ၊ လောကသမ္မုတိ မင်းပေါ့ ဟိုလိုအဆောင်ယောင်တွေနဲ့ မင်းတော့မဟုတ်ဘူး ၊ ငါ့မြေးမမြင်ဖူးလို့ အရင်ကသမ္မတကြီးတွေ ကြွလာရင် သူ့နောက်မှာ စည်တော်ရွှမ်းတဲ့ လူတို့ ၊ ထွေးခံ သယ်တဲ့လူတို့ ပါတယ် ၊ မြန်မာနိုင်ငံတက်လာတဲ့ သမ္မတ အဆက်ဆက်ဟာ သိမ်ဖြူ ဆရာတော်ကြီးကိုကိုးကွယ်တယ် ၊ ခရစ်ယာန်ဘာသာကနေ ကူးပြောင်းလာတဲ့ သမ္မတကြီး မန်းဝင်းမောင်တောင် သိမ်ဖြူဆရာတော်ကြီးကို ဆည်းကပ် ကိုးကွယ်တယ် ၊ ဒါဆို သမ္မတကြီး မန်း ၀င်းမောင်က သိုက်စာထဲမပါဘူးပေါ့ အေးပေါ့ကွယ် ၊ ဒါကြောင့်သူ့လက်ထက်မှာ တိုင်းပြည်က မောက်ကမ ဖြစ်ကုန်တာပေါ့ ၊ ဒါကြောင့် သိုက်စာမှန်ရင် မှားရိုးမရှိလို့ ဆိုတာပေါ့ကွယ် ၊ အဲဒီသိုက်စာကို ရေးခဲ့တဲ့ ခေတ်တုန်းက လမိုင်းဝန်ဆိုတာ မရှိဘူးကွယ် ၊ လမိုင်းဝန်ဆိုတာ ကုန်းဘောင်ခေတ်ကြမှ ခန့်အပ်ကြတာ ၊ မဟာဓမ္မ ရာဇာဓိ ပတိမင်း လက်ထက်မှာ အင်းဝပျက်သမို့ တည်ထားခဲ့တဲ့ စေတီပုထိုး ဘုရားကျောင်းကန်တွေ အတွက် နတ်စက်ရောင် ဆရာတော်က သိုက်စာများစီမံခဲ့တယ် ၊ နောင်လူတွေဟာ နတ်စက်ရောင် ဆရာတော်ရေးခဲ့တဲ့ သိုက်စာမို့ နတ်စက်ရောင်သိုက်စာ လို့ခေါ်ကြတယ် ။
သိုက်စာဆိုတာ အဲဒီက စခဲ့တာလို့ စာဟောင်းတွေ မှတ်သားထားဖူးတာဘဲကွယ် ၊ သိုက်တူး တော့ဘယ်လိုတူးတုန်း ၊ ဂေါ်ပြားနဲ့ထိုးတာလား ဘယ်ကသာကွယ် အဲလိုမဟုတ်ရပါဘူး ၊ သိုက်တါံးကို သိုက်စောင့်တွေကဘဲ ဖွင့်လို့ရတယ်ကွယ် ၊ သိုက်မတူးခင် သိုက်ရှိတဲ့နေရာကို သိုက်စာ အရသွားကြည့်ရတယ် ၊ သိုက်စာမှာရေးထားတယ်ကွယ် သိုက်စာမှာ “ဒေးဒရဲတောင် ခွေးတက် ဟောင် ညောင်ပင်ခြေရင်း ရွှေကိုးတင်း ” အဲလိုလေး ရေးထားတာ ဒါဆိုဒေးဒရဲ ဆိုတာ မြို့လား ရွာလား ၊ သိဖို့လိုတယ် ၊ အခုပြောမဲ့ ဒေးဒရဲ ဆိုတာ ဧရာဝတီတိုင်း ဖျာပုံခရိုင် မှာရှိတယ် ၊ အဲဒီမြို့ကို တူးမယ်ဆိုတော့ ဆရာက တပည့်တွေကို ရှိမရှိစုံစမ်းခိုင်းလိုက်တယ် ၊ ရှိတယ်ဆိုရင် ဒီဒေးဒရဲ ဟုတ်မဟုတ် ၊ သိုက်စာကို ဖတ်ရတယ် သိုက်စာမှာက “တော်ကိုးလုံး ၊ ကုန်းကိုးလုံး ” လို့ ညွန်ပြတယ် ၊ တော်ကိုးလုံးဆိုတာ အဲဒီမြို့ကို ၀ိုင်းထားတဲ့ ရွာတွေ တော်ကမယ် ၊ တော်လှ ၊ တော်ညွန့် ၊ တော်ကမန် ၊ တော်ပေါင်စိန် ၊ တော်ဖရုံ ၊ တော်တလူ ၊ တော်နဲ့စတဲ့ ရွာကိုးခု ၊ ကုန်း ကိုး လုံးဆိုတာ အဲဒီမြို့ကို ၀ိုင်းရံဖွဲ့ထားတဲ့ ရွာနာမည်တွေပါဘဲ ၊ တော်ကျိုက်ကုန်း ၊ ရွှေတောင်ကုန်း ၊ ဘုရားကြီးကုန်း ၊ ကျားကုန်း၊ သာယာကုန်း ၊ အဲလိုကိုးခုရှိတယ် နောက်ရောက်တဲ့ အခါ ပြမယ် ၊ ဒါဆိုရင် သိုက်စာထဲက ညွှန်ပြတဲ့အတိုင်း မလွှဲတော့ဘူး မှန်နေပြီ ၊ အဲဒါနဲ့ ဘိုးဘိုး နဲ့ ဘိုးဘိုးဆရာနဲ့ အပေါင်းအပါ ၂၀ဟာ ဒေးဒရဲမြို့ကို သွားတယ် ၊ သွားတော့ ကျိုက်ဒေးယျုံ ဆိုတဲ့ ဘုရားကြီးရှိတယ် ၊ ဘုရင်မကြီး ရှင်စောပု တည်ထားခဲ့တာ ၊ ခုနက ကုန်ုး၉လုံး ရှိတယ်ဆိုတာလဲ ဟုတ်တယ် ၊ တောင်ကိုးလုံးရှိတယ် ဆိုတာလဲ မှန်တယ် တောင်တစ်ခုနဲ့ တစ်ခုအကွာမှာ ဘုရားတစ်ဆူ တစ်ဆူတည်ထားခဲ့တယ် ၊ တစ်တောင် နဲ့ တစ်တောင်ဟာ ကိုးတာ ကွာတယ်ကွဲ့။
ဘိုးဘိုးတို့ တစ်တွေတည်းခဲ့တာက ဘုန်းကြီးကျောင်း စစ်ကွင်းကျောင်းလို့ ခေါ်တယ် အဲဒီ ဆရာတော် ကလဲ လောကီပညာတွေ တတ်တယ် ၊ အဲဒီကျိုက်ဒေးယျုံ ဘုရားကြီးရဲ့ အ နောက်မှာ အဲဒီကျောင်းရှိတယ် ၊ အခုထိရှိနေသေးတယ် ၊ အဲဒီဘုန်းကြီးနဲ့ ဘိုးဘိုးဆရာနဲ့ ဆိုရင် ဘိုးဘိုးဆရာက ပညာပိုမြင့်တယ် ၊ ဒါနဲ့ သိုက်ကတူးပြီလား ဘယ်လိုတူးတုန်း အယ် မြေးရယ် တူးလို့ချက်ချင်းမရပါဘူး ၊ အဲဒီမြို့မှာ ရှိတဲ့ အစောင့်အရှောက်တွေကို ဆင့်ခေါ်ရ တယ် ၊ ဘယ်လိုခေါ်တုန်း အော် ဂါထာတွေ မန္တရားတွေ ပွဲတွေနဲ့ ခေါ်တာပေါ့ ၊ အဲဒီစစ်ကွင်း ကျောင်း ဆ၇ာတော်က ဘီလူးကြီးတစ်ကောင် မွေးထားတယ် ၊ သူ့ကိုခေါ်ခိုင်းလိုက်တာ ဆရာက၊ ဟင် ဘီလူးကြီးကိုဘယ်လိုမွေးတုန်း ၊ မသိပါဘူးကွယ် ဘိုးဘိုး တကယ် မြင်ခဲ့ရ တယ် ၊ အဲဒီဘီလူးကို ရာမာယန ဇာတ်ထဲက ဘီလူးလိုလား ဘိုးဘိုး ၊ ဟုတ်ပါဘူးကွယ် ဘာဦးထုပ်မှ မပါပါဘူး လူလိုပါဘဲ ၊ အမွှေးရှည်ကြီးတွေနဲ့ ညဘက် ကျောင်းပေါ် လမ်း လျှောက်နေတာဘဲ ၊ ဘိုးဘိုးတို့ကို မစားဘူးလား စားလို့မရဘူး ဆရာက ဘိုးဘိုးတို့ကို တောင် စောင့်ခိုင်းထားသေးတယ် သူ့ကို နောက်နေ့မနက်မှာတော့ ဆရာက ပြောတယ် သိုက်က ဒီဒေးဒရဲနဲ့ အရှေ့ဘက်လေးမိုင်လောက်အကွာမှာရှိတဲ့ ရွာမှာတဲ့ ရွာနာမည်က သင်ပေါင်းချောင်လို့ ခေါ်တယ်၊အဲဒီမှာ သိုက်ရှိတယ် လို့တိတိကျကျသိရတယ်၊ ဘယ်လို သိလဲ ဘိုးဘိုးရဲ့၊ ညက သိုက်စောင့်တွေကို ခေါ်စစ်လိုက်တာပေါ့၊ သူတို့က ပြောရောလား ပြောတယ်လေ ၊ အဲဒီသိုက်နန်းရှင် မိန်းမက ရန်ကုန်သိမ်ကြီးဈေးမှာ ဈေးရောင်းနေတဲ့ လူ တဲ့ဗျာ သိုက်နန်းရှင်ဘ၀ကနေ လူသွားဖြစ်နေတာတဲ့ ။
“ဟင်”တကယ် ဟုတ်တယ်မြေးရဲ့ ၊ အဲဒီညက ဆိုင်ရာပိုင်ရာတွေကို ဆရာကခေါ် စစ်လိုက်တော့ အကုန်ပြောပြတယ် ၊ အဲဒီသိုက်မှာ သိုက်နန်းရှင်က လူဖြစ်နေလို့ သိုက်မှာ သရဲကြီးတွေဘဲ ကျန်ခဲ့တယ် ၊ ဆရာနဲ့ ဘိုးဘိုးတို့က စစ်ကွင်းကျောင်းဘုန်းကြီးရဲ့ စာနဲ့ သင်ပေါင်းချောင်ရွာကို သွားကြတယ် ၊ အဲဒီရွာမှာလဲ ဘုန်းကြီးကျောင်းရှိတယ် သင်ပေါင်း ချောင်ကျေးရွာကျောင်းပေါ့ ၊ သိုက်က အဲဒီကျောင်းရဲ့ ခေါင်းရင်း မြသိန်းတန်လို့ ခေါ်တဲ့စေ တီတည်မဲ့ နေရာမှာ ရှိတယ် ၊ ဘုန်းကြီးကို ဆရာက မြသိန်းတန် စေတီလေး တည်ချင်လို့ ပါလို့လျှောက်တော့ ဘုန်းကြီးက ဆ၇ာ့ကိုဘယ်နားမှာ တည်ချင်လဲလို့ မေးတယ် ၊ ဆရာက သိုက်ရှိမယ် ထင်တဲ့ နေရာကို ပြပြီးမြေတောင်းတယ် ၊ ဘုန်းကြီးက ဘိုးဘိုးတို့ သိုက်တူးမယ်ဆိုတာ မသိကြဘူး ၊ ရိုးရိုးသားသား ထင်ပြီး အသာတကြည်ဘဲ မြေပေးတယ် ၊ မြေပေး တဲ့နေရာမှာဘဲ ဆရာက ညဘက်သိုက်နေရာ သတ်မှတ်လိုက်တယ် ၊ သိုက်ပတ်ပတ် လည် မှာ ၊ ဆန်နဲ့လုပ်ထားတဲ့ ပေါက်ပေါက်ဆုပ်လေးတွေကို ကြဲထားလိုက်တယ် ၊ ပြီးတော့ ဆေးနွား ဆိုတဲ့ အင်းတွေ ဆေးတွေနဲ့ စီမံထားတဲ့ ရွံ့ရုပ်နွားလေးတွေနဲ့ အဲဒီနားမှာ ချထားခဲ့ရတယ် ၊ “ဆေးနွားက ဘာလုပ်တာလ”ဲ အော်ကွယ် အဲဒါက ဒီသိုက်ကို တူးလို့ ရမရ ပညာ စမ်းလိုက်တာ ၊ ဒီသိုက်ထဲက အစောင့်အရှောက်တွေကို အခုဘိုးဘိုးရဲ့ ဆရာက နိုင်မနိုင် တူးလို့ရမရ အဲဒါစမ်းသပ်တာ ၊ ဘယ်လိုဖြစ်လဲ နိုင်မယ်ဆိုရင်၊ နိုင်မယ်ဆိုရင် အဲဒီနွားရုပ်လေးက မိုးလင်းရင် ဦးချိုမှာ သွေးစသွေးန ဒါမှမဟုတ် ရွှေရောင် ငွေရောင် ထနေတယ် ၊ မနိုင်ဘူးဆိုရင် အဲဒီနွားလေးရဲ့ ဂျိုဟာ တုန်းတိတိ ကျိုးသွားတယ် ၊ ဒါဆို ဒီသိုက်ကို တူးလို့မရဘူး ၊ အခုဘယ်လိုနေတုန်း၊ အခုတူးလို့ရမယ်လို့ ဆရာက ဆိုတယ်ကွယ် ၊ ဒါက ကုန်းသိုက်မို့လို့ ဆေးနွားနဲ့ စမ်းသပ်ရတယ်ကွယ် ၊ ရေသိုက်ဆိုရင် ဘဲရုပ်လေး လုပ်ရတယ် ၊ဆေးဘဲလို့ခေါ်တယ် ၊ အဲလိုဘဲ ဆေးဘဲလေးလုပ်ပြီး ရေထဲကို ချထားလိုက်ရင် မိုးလင်းလို့ ကိုယ်ချတဲ့နေရာကို ပြန်ရောက်မလာဘူး ဆိုရင်တော့ ဒီသိုက်ဟာ သာသနာတော်ဆိုင်ရာ သိုက်ဘဲကွယ် ၊ တူးယူလို့မရဘူး ။
ဒါနဲ့ ဘုရားတည်ဖို့ အဲဒီနားမှာ အုတ်တွေ ဘာတွေဖုတ်ကြဖို့ ပြင်တယ် ၊ စေတီတော်လေး တည်ဖို့မြေနေရာလေးလုပ်တယ် ၊ နေ့လည်ပိုင်းမှာ တပည့်တွေကို သိုက်ထဲကိုဝင်တဲ့ အခါ မကြောက်ကြဖို့ သိုက်ထဲမှာ လှေလေးက ၈စီးရှိတယ် ၊ မကိုင်ဖို့ နောက်ပြီး သိုက်ထဲမှာ စောင့်နေတဲ့ အကောင်ဗလောင်တွေကို ဂါထာမန္တန်တွေနဲ့ ထုတ်ထားမှာဖြစ်လို့ မလှုပ်နိုင်ဘူး ၊ ဒါပေမဲ့ သူတို့က ခြောက်လှန့်လိမ့်မယ် ၊ ကြောက်စရာမလိုဘူး ၊ နောက်ပြီး သိုက်ထဲမှာ မောင်းတစ်လုံးရှိတယ်၊ အဲဒီမောင်းဟာ “စည်တော်ချိုး” မောင်းလို့ ခေါ်တယ်၊ အဲဒီမောင်းကို အခုတူးနေတဲ့ လူတွေထဲက တစ်စုံတစ်ယောက်က ယောင်ရမ်းပြီး တီးမှိလိုက်ရင် သိုက်မှာ စောင့်နေတဲ့ အစောင့်အရှောက်တွေရဲ့ အနှောင်အဖွဲ့တွေဟာ လွတ်ငြိမ်းသွားတယ် ၊ အဲဒီအခါမှာ အစောင့်အရှောက်တွေက ခြောက်လှန့်ပြီး ပြုစားတတ်တယ် ဥပမာ ရေအထင်နဲ့ ကူးပါစေလို့ သူတို့ပါးစပ်က အော်လိုက်ရင် တူးတဲ့လူတွေ အကုန်လုံး ရေပြင် ထင်ပြီး ကူးကြတယ် ၊ တချို့ရူးကြတယ် အဲဒါကြောင့် ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် မတီး ရဘူး ၊ အဲလိုမှာတယ် ၊ သိုက်ထဲကိုရောက်ရင် ဆရာက ဘာမှမလုပ်ဘူး အဲဒါကိုဘဲ မီးမ တောင်းနဲ့ မီးမတောင်းနဲ့ မီးမတောင်းနဲ့ ဆိုပြီးပြောင်းပြန်ဆိုပြီး အဲဒီမောင်းလေးကို လူနဲ့ကွယ်ပြီး ရွတ်နေရတာ ၊ အဲဒီမောင်းအရှေ့ကနေသတိပေးနေရတယ် ။ အဲဒီမောင်းဟာ သိုက်တစ်ခုလုံးရဲ့ အချုပ်အချာဘဲ သိုက်စောင့်တွေသိုက်နန်းရှင်တွေရဲ့၊ လွတ်မြောက်မှုဟာ အဲဒီ မောင်းရဲ့အပေါ်မှာ မူတည်တယ်ကွယ် ၊ အဲဒီမောင်းကို တီးလိုက်ရင် သိုက်ကို စောင့်တဲ့ အစောင့်အရှောက်တွေကို တုတ်နှောင်ထားတဲ့ ဂါထာမန္တာန်ပြေပြီး ၊ သိုက်စည်းကျိုး သွားလို့မို့ “စည်းတော်ကျိုးမောင်း” တစ်နည်း “စည်တော်ကျိုး” မောင်း ခေါ်တယ်ကွယ် ။
Credit goes to သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
အဖိုးပြောတဲ့ သိုက်အကြောင်း ၁
6:58 AMမြန်မာလူမျိုးတစ်ယောက်ကို သိုက်ဆိုတာ တကယ်ရှိသလား ၊ ဥစ္စာစောင့် ဆိုတာရော တကယ်ရှိ သလားလို့ မေးမှိရင်တော့ ဟုတ်ကဲ့ ရှိပါတယ် ၊ ဟင့်အင်း ဒါတွေမရှိပါဘူး ၊ အင်းရှိတယ် လဲမဟုတ် မရှိဘူးလို့လဲ ပြောလို့မရပါဘူး ၊ လူတွေက ရှိတယ်လို့တော့ ပြောဆိုနေကြပါတယ် ၊ အဲလိုပြောဆို တတ်ကြမယ်လို့ ထင်ပါတယ် ၊
ဟုတ်ပါတယ် သိုက်တို့ ဥစ္စာစောင့်တို့ တကယ်ရှိတယ် မရှိဘူးနဲ့ ပတ်သက်ပြီးပြောဆိုရတာဟာ အင်မတန်မှ လက်ဝင်ပါတယ် ၊ ဒီကိစ္စများဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် အရေးကြီးသော ကိစ္စများတော့မဟုတ်ပါ ၊ သို့သော် ဗဟုသုတ အနေဖြင့် ငယ်စဉ်က ကျွန်တော့ကို ပြောပြတဲ့ အဘိုးရဲ့ အိပ်ယာဝင်ပုံပြင်လေး တွေထဲမှာ သိုက်နန်းရှင်တွေ အ ကြောင်းပါပါလာ ပါတယ် ဘိုးဘိုး “တကယ်ရှိရဲ့လားဗျာ” လို့မေးတော့ တကယ်ရှိတာပေါ့ မြေးရဲ့ ဘိုးဘိုးဆို အသက်၂၅နှစ်လောက်က သိုက်တူးတဲ့ ဆရာတွေနဲ့လိုက်ပြီး တပည့်ခံ သိုက်တူး ဖူးတယ် ၊ ဟုတ်လားဘာတွေရတုန်း ရတာပေါ့ ငွေဒင်္ဂါးပြားတွေ ၊ ဘယ်မှာလဲ ပြ ဆိုတော့ ရောင်းစားပြစ်ပြီလေ နှစ်တွေကြာမှကိုး အဲလိုလေးတွေ မကြာမကြာပြောပြဖူးပါတယ် ။
သိုက်ဆိုတာကို ဘာမှန်းမသိပေမဲ့ ၊ ၇တန်း၈တန်း ကျောင်းသားလောက်ဘ၀မှာ ဆရာကြီး မင်းသိင်္ခရဲ့ ဥစ္စာစောင့်မလေး မြနှင်းဆီ စာအုပ်ကို စဖတ်ပြီး ကျွန်တော် သိုက်အကြောင်းကို စိတ်ဝင်စားမှိသွားပါတယ် ၊ ရန်ကုန်မြို့ထဲက ဗိုလ်တစ်ထောင်ဘုရားဝန်းထဲမှာ မြနန်းနွယ် သိုက် ရှိတယ်ဆိုတာရယ် ၊ မင်္ဂလာဒုံမြို့နယ်က ကျိုက္ကလို့ ကျိုက်ကလဲ့ ဘုရားတွင်းထဲက နဂါးသိုက် ဆို တာရယ် ၊ တွံတေးဗောင်းတော်ချုပ် ဘုရားက ဗောင်းတော်ချုပ် ဘုရားသိုက်ဆိုတာရယ် ၊ သံသဗွတ် ချောင်းထဲက ရွှေဂျိုးဖြူနဲ့ မူလခဲသိုက်ဆိုတာရယ် ၊ ဒေးဇွန်းပါ သိုက်နန်းက မမင်းမှိန် နဲ့ မမင်းရှိန်ဆိုတဲ့ ဥစ္စာစောင့် ညီအစ်မတွေဆိုတာရယ် ကျွန်တော့်ခေါင်းထဲမှာ ချာလည်ပတ်လည် ရိုက်နေပါတယ် ၊
ဘိုးဘိုးကို “သိုက်ဆိုတာ ဘယ်လိုဟာတွေတုန်း” ဘိုးဘိုးလို့ မေးကြည့်တော့ “ဥစ္စာပစ္စည်းတွေကို စောင့်ရှောက်နေရတဲ့ အသူရကာယ်လို့ ခေါ်တဲ့ပြိတ္တာတွေတဲ့ ၊ နဂါးသိုက် ဆိုတာကရော အတူတူဘဲကွယ့် ၊ အရင်ဘ၀ကလူတွေဘဲ သူတို့ပစ္စည်းတွေကိုစွဲလန်းပြီး မကျွတ် မလွတ်ဘဲ ပြန်လည်စောင့်ရှောက်နေရတဲ့ လူတွေ ၊ ဒါမှမဟုတ် ဆိုင်ရာနတ်တွေက ဒီပစ္စည်း တွေကတော့ ဘုရားပိုင်ပစ္စည်းတွေ မင်းတို့တွေစောင့်ရှောက်ကြ လို့အမိန့်ပေးထားလို့ စောင့် ရှောက်နေရတဲ့ နတ်ပြိတ္တာတွေကိုလဲ ဥစ္စာစောင့်လို့ဘဲ ခေါ်ရတယ်မြေးရဲ့” လို့ပြောပါတယ် ။
“ဘိုးဘိုးဒါဆို အသူရကာယ်ပြိတ္တာနဲ့ နတ်ပြိတ္တာ ဘယ်လိုကွာလဲ ဘိုးဘိုးရဲ့”လို့ မေးကြည့်တော့ ၊ အသူရကာယ်ပြိတ္တာတွေက အပါယ်လေးဘုံသားတွေလို့ ဆိုပါတယ် ၊ နတ်ပြိတ္တာဆိုတာကတော့ နတ်စာရင်းဝင် တဲ့ နတ်ပြိတ္တာတွေလို့ဆိုပါတယ် ၊ ကျွန်တော်စာလေး အနည်းငယ်ဖတ်တတ်တဲ့ အကျင့်ရလာတဲ့အခါ ထိုပြိတ္တာနှစ်မျိုးရဲ့ပြဿနာကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ “စွယ်စုံကျော်ထင် ပုစ္ဆာကျမ်း”မှာ အဲဒီပြဿနာကိုသွားတွေ့ပါတယ် ၊ ပုစ္ဆာနံပါတ် ၄၆၀ပါ မေးထားတဲ့ မေးခွန်းလေးက “လူတို့ပညတ် ၊ လေချွန်နတ် ၊ သည်နတ်ဘယ်ဘုံသွင်းမည် နည်း”လို့မေးထားပါတယ် ၊ ထိုပုစ္ဆာရဲ့အဖြေကို စွယ်စုံကျော်ထင်ကျမ်းရဲ့ စာမျက်နှာ ၃၀၈မှ၃၀၉ထိ ဖြေကြားထားပါတယ် ၊
အဓိပ္ပါယ်ကတော့ နတ်ပြိတ္တာဆိုတာ လူဘ၀မှာတုန်းက မကောင်းမှု့လဲ လုပ်တယ် ၊ ကောင်းမှုလဲလုပ်တယ် အဲလိုလူတွေသေခါနီးလို့ ကုသိုလ်ကောင်းမှုက အားကြီးတယ် ဆိုရင် နတ်ပြည်ခြောက်ထပ်ရဲ့ အောက်ဆုံးနတ်ဘုံဖြစ်တဲ့ စတုမဟာရာဇ် နတ်ဘုံမှာ ဖြစ်တယ် ဆိုပြီး ဖြေကြားထားပါတယ် ၊ သစ်ပင်စောင့်တဲ့ ရုက္ခစိုး ၊ ဗိမ္မာန်စောင့်တဲ့ ဘုမ္မဇိုဇ်း ၊ မြေဘုတ်ဘီလူး ၊ ယက္ခလို့ ခေါ်တဲ့ အပင်မှာ တိုက်၊အိမ်တွေနဲ့ နတ်ကွန်းတို့မှာစောင့်တဲ့ ဘီလူး ၊ ကုမ္ဘာန် စသော နတ်ပြိတ္တာတို့ဟာ စတုမဟာရာဇ်နတ်စာရင်းမှာ သွင်းယူရမယ် ၊ စတုမဟာရာဇ်နတ်လို့ မှတ်ရမယ် လို့ ဆိုပါတယ် ၊ ဒါကတော့ နတ်ပြိတ္တာဆိုတဲ့ အပိုင်းပါ ၊ တစ်ဆက်ထဲမှာဘဲ သပြေကန်ဆရာ တော်ဘုရားကြီး ရေးသားတော်မူတဲ့ ပရိတ်ကြီးနိဿယစာအုပ်မှာ အာဋာနာဋိယ သုတ်နိဿယ မှာ စတုမဟာရာဇ်နတ်ဘုံဟာ နတ်မင်းကြီးလေးပါးရှိတယ်လို့ သိရပါတယ် ၊နတ်မင်းကြီးတွေဟာ ကမ္ဘာကို လေးပိုင်းပိုင်းပြီး အုပ်ချုပ်တယ်လို့ ဆိုပါတယ် ၊ အရှေ့ဘက်ခြမ်း ကို ဓတရဋ္ဌခေါ်တဲ့ နတ်မင်းကြီးက စောင့်ရှောက်ပြီး ဒီကမ္ဘာထဲမှာရှိတဲ့ သူ့ထက်အဆင့်တန်းနိမ့် နတ်များကို အစိုးရတယ်လို့ဆိုပါတယ် ၊ တောင်ဘက်အခြမ်းကိုတော့ ၀ိရုဠက ခေါ်တဲ့ နတ်မင်းကြီးက စောင့် ရှောက်ပြီး ကုမ္ဘာန်နတ်များကို စီမံအုပ်ချုပ်တယ်လို့ ဆိုပါတယ် ၊ အနောက်ခြမ်းကိုတော့ ၀ိရူပက္ခ နတ်မင်းကြီးက ပိုင်ဆိုင်ပြီး နဂါးနဲ့ ဂဠုန်တွေကို အစိုးရတယ်လို့ဆိုပါတယ် ၊ မြောက်အရပ် ကိုတော့ ကုဝေရ နတ်မင်းကြီးကပိုင်ဆိုင်ပြီး အထက်ကဆိုခဲ့တဲ့ ဘီလူးဖုတ်ပြိတ္တာ ရုက္ခစိုး ဘုမ္မဇိုး နတ်တွေကို အစိုးရခါ စီမံခန့်ခွဲတယ်လို့ဆိုပါတယ် ၊
အားလုံးကို အချုပ်အားဖြင့် ဆိုရသော် နတ်ပြိတ္တာများဟာ အသူရကာယ်ပြိတ္တာများနဲ့မတူဘဲ စတုမဟာရာဇ်နတ်ဘုံမှာ အကျုံးဝင်သော နတ်များ ဖြစ်လို့မို့ တရားနာခွင့်ရပါက အရိယာတောင်ဖြစ်နိုင်တဲ့ သူများဖြစ်ပါတယ် ၊ အပါယ်လေး ဘုံဝင် ဖြစ်တဲ့ အသူရကယ် ပြိတ္တာများကတော့ ဆိုင်ရာအကုသိုလ်ကြောင့် အပယ်လေးဘုံ သားများ ဖြစ်တဲ့အတွက်ကြောင့် တရားနာခွင့်ရပါလျှင်လဲ အရိယာမဖြစ်နိုင်တဲ့ အပြင်သရဏံဂုံ ပင်မတည်နိုင် ကြောင်း သပြေကန် ပရိတ်ကြီးနိဿယမှာ ရေးသားထားပါတယ် ၊ ဒီနားမှာ စကားတစ်ရပ်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုးကွယ်နေတဲ့ အတွင်း၃၇ ၊ အပြင်၃၇ ၊ အရံ၃၇ ဟူသော နတ်များ မှာ ၊ အသူရကာယ်ပြိတ္တာများဖြစ်ပြီး ထိုနတ်များကို ကိုးကွယ်ဆည်းကပ်ပါက ဗုဒ္ဓဘာသာ ပင်မ ဟုတ်တော့ဘဲ မိမိ၌ ရှိသော သရဏံဂုံပင် ပျက်ကြောင်း မေတ္တာရှင် ဆရာတော်အရှင်ဇန၀ရဲ့ “မြတ်သရဏဂုံ ” ဓမ္မဒါန စာအုပ်ငယ်မှာ မှတ်သားနာယူဖူးပါတယ် ။လူတွေဘာကြောင့် သရဏံဂုံ အပျက်ခံပြီး ကိုးကွယ်နေကြပါလိမ့်လို့ ၊ တွေးကြည်မှိဖူးပါတယ် ။
ဥစ္စာစောင့်အကြောင်းကို ပြန်ဆက်ပါ့မယ် ၊ ဥစ္စာစောင့်ဆိုတာ နှစ်မျိုးနှစ်စား ရှိတယ်လို့ ဘိုးဘိုးက ပြောပြပါတယ် ၊ တစ်မျိုးက လူ့ဘ၀က မိမိတို့ မြုပ်နှံထားတဲ့ ရတနာရွှေငွေတွေကို စွဲလန်းပြီးသေလို့ သေတဲ့အခါ ပြိတ္တာဖြစ်ပြီး မိမိဥစ္စာကို မိမိပြန်စောင့်ရတဲ့ အသူရကာယ်ပြိတ္တာမျိုးဖြစ်ပါတယ် ၊ နောက်တစ်မျိုးက ရှေးအဆက်ဆက်က သာသနာပြုမင်းများက သူတို့တည်ထားခဲ့သော ဘုရား ကျောင်းကန် စေတီပုထိုးတွေကို ၊ နောင်တချိန်မှာ ပြိုပျက်ပြီး ပြင်သူမဲ့တဲ့အခါ ပြန်လည်ပြု ပြင်ဖို့ငွေကြေးမပြည့်စုံမှာ စိုးရိမ်တဲ့အတွက် ၊ ဘုရားသော်၎င်း ကျောင်းသော်၎င်း တည်ပြီးတဲ့အခါ ၊ ရတနာ ပစ္စည်းများ နေရာတကျ မြုပ်နှံပြီး နေရာရေးခြစ် စာရေးပြီး ဒီနေရာ ဒီနေရာတွေမှာ ဒီပစ္စည်းတွေ ရှိတယ် ထိုထိုပစ္စည်းတို့ကို တူးဖော်ယူငင်ပြီး ဘုရားဝေယျာဝစ္စ ကျောင်းဝေယျာဝစ္စ တို့ကို ပြုလုပ်ကြပါဟု ဆိုပြီး ရေးသားထားခဲ့တဲ့ စာကိုသိုက်စာဟု ခေါ်ပါတယ် ၊ ထိုသိုက်စာကိုလဲ ထိုထိုရတနာ ပစ္စည်းများနဲ့ ဝေးရာမှာ မြုပ်နှံထားခဲ့တတ်ကြပါတယ် ၊ ဥပမာ ရန်ကုန်က ရွှေတိဂုံ ဘုရားသိုက်စာကို ၊ စစ်ကိုင်းကောင်းမှု့တော်မှာ ထားခဲ့ပြီး ၊ စစ်ကိုင်းကောင်းမှုတော် သိုက်စာကို ရန်ကုန်မှော်ဘီတောထဲက စေတီဟောင်းတစ်ခုမှာ ထားခဲ့ကြပါတယ် ၊ အဲလိုစာတွေကို သိုက်စာလို့ခေါ်ပါတယ် ၊
ရှေးမြန်မာမင်းများဟာ ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊ စနည်း ၊ တဘောင် ၊ သိုက် ၊ ဓာတ် စသော ရိုးရာယုံကြည်မှု အင်မတန်ပြင်းထန်ပါတယ် ၊ မြန်မာမင်းတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တွေကို လေ့လာကြည့်တဲ့အခါ ၊ လမိုင်းဝန် လို့ခေါ်တဲ့ ၀န်ကြီးတစ်ပါး ခန့်အပ်ထားတာကို တွေ့မြင်နိုင်ပါတယ်၊ ကျက်သရေဆောင် ရွှေစလွယ်ရမင်းကြီး မြင်းမှူးမင်းသား ဦးမောင်မောင်တင်ဟာ သူ့ရဲ့ “ရွှေနန်းတော်သုံးဝေါဟာရ အဘိဓာန်မှာ ” လမိုင်းဝန်ဟူသည် ငါအရှင်တို့ ဇာတာဆန်းလဂ် တို့အလျှောက်ပေါ်ပေါက်သော အရပ်ရပ်ရှိ သိုက်စာ များဖတ်ကြားရခြင်း ၊ ဘုရားတည်ကျောင်းဆောက် စသောကောင်းမှုတော်တို့ကိုပြုရာ တွင်နောင်လာနောင်နှောင်း အရှည် တည်တံ့အောင် စတေးဖို့ရာ စီမံခြင်း ၊ တောင်ပြုန်းပွဲ ၊ ရတနာ့ဂူပွဲ ၊ ပခန်းမင်းကြီးပွဲ စသော အရပ်ရပ် ဗလိနတ်စာ များတင်သွင်းဆက်သရန် ငါဘုရင်မင်းမြတ်ကိုယ်စား စီမံခန့်ခွဲရသူလို့ လမိုင်းဝန်အမိန့်ပြန်တမ်းမှာ ထည့်သွင်းဖော်ပြပါတယ် ၊ လမိုင်းဝန်ဟာ ဘုရင်ကောင်းမှုပြုလုပ်တဲ့ အခါမှာ ဘုရင့်နောက်က လိုက်ပြီး ၊ ဘုရင်ဘုရားတည်ပြီးလို့ နောင်အတွက် လှူပြီဆိုရင် အကြွေးကံသုံးလို့ ခေါ်တဲ့ မြေပေါ်ပစ္စည်းတွေကို လှူဒါန်းပါတယ် လယ်မြေတွေလှူပါတယ် ၊ ထိုလယ်မြေတွေကို စောင့်ရှောက်ဘို့ ထောင်နှစ်ကြီးသမားများ စတဲ့ပြစ်ဒဏ်ကျသူများကို ပြစ်ဒဏ်ပေါ့လျှော့ပြီး ဘုရား ကျွန်ကျောင်းကျွန်လှူတော်မူပါတယ် တရံတခါမှာလဲ ကျေးတော်မျိုး ‘ကျွန်’တော်မျိုးထဲမှ ဘုရား ကျွန်လှူပါတယ် ဒါမှမဟုတ်ရင်လဲ အသည် ကပ်ပါး စသည့်တို့ကို လမိုင်းဝန် တင်ပြချက်ကို ကြည့်ပြီး သင့်တော်သလို ဘုရားကျွန်ကျောင်းကျွန် လှူတန်းတော်မူပါတယ်၊ မြေအောက်မှာ ရတနာတွေ လှူပြီးပြီဆိုရင် ထိုရတနာတွေကို စောင့်ရှောက်ဖို့ ဘုရင့်အမိန့်နဲ့ လမိုင်းဝန်က ထောင်ဒဏ်နှစ်ကြီးသမားများကို သတ်ဖြတ်စတေးတော်မူပြီး အကြွေးကံသုံး ချတော်မူပါတယ် ၊ ထိုထိုကိစ္စအ၀၀ကို ဆောင်ရွက်ရသူမှာ လမိုင်းဝန်ဖြစ်ပါတယ် ၊ လမိုင်းဝန်ဟာ မြေပေါ်မြေအောက် ရတနာတွေလှူဒါန်းပြီးတာနဲ့တပြိုင်နက် သိုက် စာရေးပြီး တစ်နေရာမှာထားရပါတယ် ၊ နောင်လာ နောင်သာများက ထိုထိုသိုက်စာတို့ကို ရပြီး တူးဖော်ယူငင်တာကို သိုက်တူးတယ်လို့ ခေါ်ပါတယ် ။
မြန်မာနိုင်ငံမှာ သိုက်ပေါင်း ကိုးသိန်းကိုသောင်း ကိုးရာကိုးဆယ် ကိုး သိုက်ရှိတယ်လို့ အဘိုးက ပြောပါတယ် ၊ အဘိုးရဲ့ စကားများအရ ထိုထိုသိုက်တို့ကို အုပ်ချုပ်ပြီး စာရင်းဇယား ပြုလုပ်နေတဲ့ သိုက်ချုပ်ဘိုးတော်ကြီး ဆိုတာလဲ ရှိသေးတယ်လို့ ဆိုပါတယ် ၊ သိုက်တွေဟာ ရေသိုက် ကုန်းသိုက် ဆိုပြီး နှစ်မျိုးရှိပါတယ် ၊ နဂါးသိုက်ဟာ ရေသိုက်ဖြစ်ပြီး သံသဗွတ်ချောင်းထဲက ရွှေချိုးဖြုနဲ့ မူလခဲသိုက်အပြင် ဗိုလ်တစ်ထောင်ဘုရား ၀န်းထဲက မြနန်းနွယ်သိုက်ဟာလဲ ရေသိုက် စာရင်းဝင် တယ်လို့ဆိုပါတယ် ၊ ကုန်းပေါ်မှာရှိတဲ့ သိုက်တွေ ထဲမှာ ထူးခြားတဲ့ သိုက်တွေကတော့ ဂျပန်သိုက် ၊ အင်္ဂလိပ်သိုက် လို့ခေါ်တဲ့ စစ်တွင်းက မြုပ်နှံထားခဲ့တဲ့ ရတနာသိုက်တွေလဲ ရှိတယ်လို့ ဆိုပါတယ် ၊ ထိုထိုသိုက်တွေကိုတော့ ကုန်ပစ္စည်းထမ်းဖို့ သယ်ဖို့ ပေါ်တာဆွဲလာတဲ့ လူတွေကို ဂျပန်တွေက ပြစ်သတ် ထားခဲ့ပြီး အပြစ်ခံရတဲ့ လူတွေဟာ မကျွတ်မလွတ် ဖြစ်နေပြီး ၊ ထိုရတနာတွေကို စောင့်ရှောက်ရတယ်လို့ ဆိုပါတယ် ၊ ဘိုးဘိုးတို့က “ဘာသိုက်တူးတာလဲ လို့မေးတော့ ဘုရားသိုက် မဟုတ်တဲ့ ဟာတွေကို တူးတာလို့ ဆိုပါတယ်” ၊ “ဘုရားသိုက်တွေက များလား”လို့ ကျွန်တော်က မေးတဲ့ အခါ ၊ အဘိုးက အရင်ကဘုရင်တွေ မြေအောက်မှာ ထားပြီး လှူခဲ့တဲ့ ရတနာတွေကို နောင် လူတွေက တူးယူလို့မရတော့ သာသနာစောင့်နတ်မင်းကြီးတွေက သူတို့လက်အောက်မှာ ရှိတဲ့ ဘီလူးတို့ အထက်ကပြောခဲ့ ဟာတွေကိုအစောင့်အဖြစ် လွှတ်ပြီး စောင့်ရှောက်တယ်လို့ဆိုပါတယ်၊ “အခုတော့ ဘုရားသိုက်တွေက များသွားပြီကွယ် ပုဂ္ဂလိကသိုက်တွေ မရှိတော့ဘူး လို့ထင်တာပါဘဲ၊ ဘာလို့ဆိုရင် တချို့မိမိပစ္စည်းကို မိမိပြန်စောင့် ရတဲ့ပြိတ္တာမျိုးတွေက သူ့တို့ဆွေမျိုးတွေကို အိပ်မက်တွေဘာတွေပေးပြီး တူးယူခိုင်းပြီး ကောင်းမှုပြုခိုင်းတယ် ၊ တချို့ ပြိတ္တာတွေက တော့ သူတစ်ပါးပေးတဲ့ အမျှတွေဘာတွေရပြီး ၊ ကျွတ်လွတ်ပြီး ကောင်းမွန်တဲ့ ဘုံဘ၀တွေရောက်ကုန်လို့မို့ ၊ သူ့တို့ပစ္စည်းတွေကို သာသ နာတော်စောင့် နတ်မင်းကြီးများက ဘုရားပိုင်ပစ္စည်းတွေ အဖြစ် သိမ်းယူပြီး သူတို့လက်အောက်က နတ်ပြိတ္တာ တွေကို စောင့်ခိုင်းတယ်” ။
ဘိုးဘိုး “ဒီနတ်မင်းကြီးတွေက ဒီပစ္စည်းတွေကို ဘုရားပိုင်သိမ်းပြီး ဘာလုပ်ကြမှာမို့လဲ” လူ တွေ ပေးလိုက်ပါလား ၊ မဟုတ်ဘူးကွဲ့ သူတို့ဟာလုပ်စရာရှိတယ် ၊ “ဘာလုပ်မှာတုန်းဘိုးဘိုးရဲ့” နတ်တွေက ရတနာတွေကို ၊ ဘိုးဘိုးလဲ ငယ်ငယ်က ဘိုးဘိုးနဲ့ သိုက်အတူတူ တူးခဲ့တဲ့ ဆရာကြီး ကိုမေးဖူးတယ် ၊ သူကဒီလိုပြောတယ် ၊ “ဂေါတမ မြတ်စွာဘုရားရဲ့ အသီတိ သာဝက၀င် ဓူတင် ဧတဒဂ်ရတဲ့ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဟာ ယခုအိန္ဒိယ နိုင်ငံအတွင်းက လှိုက်ဂူကြီး တစ်ခုထဲမှာ ၊ ပရိနှိဗ္ဗာန်ပြုတော်မူထားတယ် ၊ သူ့အဓိဋ္ဌာန်အရ အရိမေတ္တယျ မြတ်စွာဘုရား ပွင့် တော်မူတဲ့ အခါကျမှသာ တေဇောဓာတ်လောင်ကျွမ်းမှာမို့ ၊ အဲဒီတေဇေဓာတ်လောင်တဲ့အခါ နတ်တွေက ဒီရတနာတွေနဲ့ ရှင်မဟာကဿပကိုယ်တော်ကြီးကို ပူဇောဖို့ စုဆောင်းထားတာလို့ ပြောဖူးတယ်ကွဲ့” ၊ ဒါဆိုဒီနတ်တွေက အရိမေတ္တယျ ဘုရားပွင့်တဲ့ အထိ သူတို့က နေနိုင်မှာမို့လား သူတို့က သေတော့ဘူးလား ဘိုးဘိုးရဲ့ ဘယ်သေအုံးမလဲ ငယ်ငယ်လေးရှိအုံးမယ် သူတို့က။ ဟင် ဘာလို့လဲ ဘိုးဘိုး ၊ ၊ သူတို့နတ်ပြည်တစ်ရက်မှ ဘိုးဘိုးတို့ လူ့ပြည်မှာ နှစ်ငါးဆယ်ကြာတယ်။ ဟင် ဟုတ်လို့လား ဘိုးဘိုးကလဲ ဟုတ်ပါတယ်ကွယ် ၊ ဒါတောင် အနိမ့်ဆုံးနတ်ဘုံကွယ် သူ့အထက်က တာဝတိဲသာ နတ်ပြည်ဆိုရင် လေးနဲ့မြှောက်ယူရတယ် ၊ ယာမာနတ်ပြည်ကို တာဝတိဲသာ နတ် သက်နဲ့ လေးဆမြှောက်ရတယ် အဲလိုဆင့်ကဲဆင့်ကဲ လေးနဲ့မြှောက်ယူရတယ် ဟိုးအထက်က ပရနိမ္မိတ ၀ဿဝတီဘုံထိ အဲလိုမြှောက်ယူရတယ် ။
အို ဘိုးဘိုးကလဲ …။
ဘိုးဘိုး ဒီနေ့တော့ ဘိုးဘိုးပြောပြလို့ နတ်ပြိတ္တာနဲ့ ၊ အသူရကာယ် ပြိတ္တာဆိုတာရယ် ၊ သိုက်အ ကြောင်းရယ်တော့ တီးမှိခေါက်မှိ ရှိပါပြီ ၊ နောက်နေ့ကျမှ ဘိုးဘိုးသိုက်တူးခဲ့တာတွေကို ပြောပြ အုံးသိလား ၊ အခုအိပ်ချင်ပြီ ကောင်းပြီကွယ် အိပ်ပါ ။ ဘိုးဘိုးကို ဦးသုံးကြိမ်ချပြီး ကျွန်တော် ကျွန်တော့်အခန်းမှာ သွားအိပ်လိုက်ပါတော့တယ် ။
Credit goes to သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
Subscribe to:
Posts (Atom)


1 comments: