Home

About me

ChatRoom

Download Myanmar Font

Download Myanmar Font
Download and install myanmar font

တရားဂုဏ်တော် ၆ပါး

Monday, October 10, 2011


၁။သွာက္ခာတော ဘဂဝတာ ဓမ္မော။
၂။သိန္ဒိဋ္ဌိကော။
၃။အကာလိကော။
၎။ဧဟိပဿိကော။
၅။သြပနေယျိကော။
၆။ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
(၁)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည်၊သွာက္ခာတော=နာစဉ်ချမ်းသာ ကျင့်ချမ်းသာ၍ ချမ်းသာမြတ်မှန် အေးနိဗ္ဗာန်ဟု သုံးတန်ကောင်းခြင်း ပြည့်စုံလျှင်းအောင် ရှင်းလင်း ဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတည်း။

(၂)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်အားဖြင့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊သန္ဒိဋ္ဌိကော=သူများပြောကြား စကားနှင့်မျှမယုံရဘဲ ကျနကိုင်တိုင် သိမြင်နိုင်သော တရားတော်မြတ်ပါပေတည်း။

(၃)။ဘဂဝတာဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါးတရားတော်မြတ်သည်၊အကာလိကော=အချိန်မလင့် မဖင့်မနှေး ချက်ချင်းအကျိုးပေးသော တရားတော်မြတ်ပါပေတည်း။

(၄)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရားဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ဧဟိပဿိကော=လာခဲ့စမ်းပါ၊ ရှု့စမ်းပါဟု ဝမ်းသာရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော်မြတ်ပါပေတည်း။

(၅)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊သြပနေယျိကော=အဝတ်ဥသျှောင် မီးလောင်သော်လည်း မသတ်ပဲနှင့် စိတ်ထဲရောက်အောင် ကပ်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း။

(၆)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရားဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ဝိညူဟိ=သစ္စာသိမြင် ပညာရှင်ရှစ်ပါး အရိယာများသည်သာလျှင် ၊ပစ္စတ္တံဝေဒိတဗ္ဗော=ကိုယ်စီကိုယ်ငှ သိရ ခံစားရသော တရားတော်မြတ်ပါပေတည်း။ ဤသို့လျှင်သွာက္ခာတ စသား ဂုဏ်တော်ခြောက်ပါးနှင့်ထူးခြားကုံလုံပြည့်စုံတော်မူသော တရားတော်မြတ်ကို ဘုရားတပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်းပါ၏ အရှင်ဘုရား။

မြတ်စွာဘုရားရှင် ဟောပြော ညွှန်ပြတော်မူသော တရားတော်များသည် သူတစ်ပါးထံမှ သင်ယူနာကြားထားသော တရားတော်များကို ပြန်လည်ဟောကြားသော တရားတော်များ မဟုတ်ပေ။မိမိ၏ အတွေးအခေါ် ဆင်ခြင်ဥာဏ်ဖြင့် တွေးခေါ်ကြံဆ ဆင်ခြင်၍ရသော တရားတော်များကို ပြန်လည်ဟောကြားထားခြင်းလည်းမဟုတ်ပါဘူး။အမှန်စင်စစ် ကိုယ်တိုင် အကျင့်လမ်းမှန်ကို ကျင့်ပြီး ကိုယ်တွေ့ဥာဏ်ဖြင့် ထိုးထွင်း သိမြင်ထားသော တရားတော်များကိုသာ ပြန်လည်ဟောကြားတော်မူခြင်းသာဖြစ်ပါတယ်။

တရားဂုဏ်တော် ပွားများရခြင်းအကျိုး။ ။တရားဂုဏ်ပွား၊ အကျိုးများ၊ မှတ်သား သိစေမည်။တရားရှင်ဖြစ်ငြား၊ မြတ်ဘုရား၊ လေးစားရိုသေသည်။သတိ သဒ္ဓါ၊ ပညာပုည၊ ပြန့်ပြောစွ၊ ဖြစ်ရထင်ရှားသည်။ နှစ်သက်ဝမ်းမြောက်၊ ဘေးမကြောက်ပေ၊ ဒုက္ခတွေ၊ မသွေသည်းခံသည်။ တရားတူနေ၊ ပူဇော်တွေခံ၊ မဂ်ရရန်၊ စိတ်ကြံညွတ်လေသည်။ ရှက်ကြောက်-ထင်ရှား၊ ကောင်းရာလား၊ ကျိုးများရနိုင်သည်။(အရှင်ကောဝိဒဓဇ)

ကိုးကား၊ ။ချမ်းမြေ့ဆရာတော်(လူငယ်သင် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓဘာသာစာအုပ်)မှ ကောက်နှုတ်တင်ပြလိုက်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com ဦးဇင်းဘလော့သို့လာရောက်ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment