Home

About me

ChatRoom

Download Myanmar Font

Download Myanmar Font
Download and install myanmar font

မျက်နှာပေါ်ကျလာသော သွေးစက်များ

Tuesday, October 11, 2011

မနေ့ညကပေါ့ .. အလုပ်ကပြန်လာပြီး အိပ်ရာစောစောဝင်ခဲ့တယ် .. ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားလိုက်တာ … ညသန်းခေါင်လောက်ကျတော့ ကျမ ပြန်နိုးလာပါတယ် … ပြတင်းပေါက်တံခါးက ပွင့်နေတယ် … အပြင်က လရောင်ကြောင့် အစောကြီးရှိသေးတာပဲလို့ ခန့်မှန်းမိတယ် … မနေ့က အလုပ်က ပင်ပန်းလာတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရမှာကို ခု အစောကြီး နိုးလာတယ် … အိပ်ပျော်သွားတာ နာရီပိုင်းလောက်ပဲ ရှိဦးမယ် … ဒါပေမယ့် နိုးလာတော့ လူက လန်းလန်းဆန်းဆန်းကြီး .. ထပ်အိပ်ဖို့ကြိုးစားရဦးမယ် … မဟုတ်ရင် မနက်ဖြန် အလုပ်မှာ ငိုက်နေရလိမ့်မယ် … ဘယ်နှနာရီလဲကြည့်ဦးမှ …

ခုတင်ဘေးက ခုံပေါ်က နာရီကို လှည့်ကြည့်ဖို့အလုပ် …

ကိုယ်တစောင်းလှည့်ဖို့ ကြိုးစားတာမှာ လူက လှည့်လို့မရဘူး .. ကြိုးနဲ့ အထပ်ထပ် ရစ်ပတ်ထားသလိုပဲ … သေချာပါပြီ … သူမကို ကျမ နောက်တကြိမ် ထပ်တွေ့ရပါတော့မယ် …

အဲဒီအမျိုးသမီးပါပဲ … ဒီအိမ်ကိုပြောင်းပြီးကာစနှစ်တွေတုန်းက ၂ကြိမ်လောက် တွေ့ဖူးခဲ့ပါတယ် … သူ့ကြောင့်လဲ အရမ်းကြောက်လန့်တုန်လှုပ်ခဲ့ရဖူးပါတယ် … ဘယ်လောက်ထိလဲဆို ကျမကိုယ်ကျမလဲ ရူးနေပြီလို့တောင် ထင်မိခဲ့တယ် …

ခုလဲ သူနောက်တကြိမ် ပြန်လာပြန်ပါပြီ ... ခုတင်ခြေရင်းဖက်မှာပါပဲ … ခြေသံတွေ တရှပ်ရှပ်ကြားနေရတယ် … အခန်းထဲမှာ ကိုယ်တယောက်ထဲ မဟုတ်ဖူးဆိုတဲ့ အသိက လွှမ်းမိုးနေတယ် …

ခြေသံကြားတဲ့ဖက်ကိုကြည့်တော့ အမှောင်ထဲမှာမို့ သဲသဲကွဲကွဲ မမြင်ရဘူး … အရိပ်တခုလိုပါပဲ … တဖြည်းဖြည်းနဲ့ အဲဒီခြေသံက ခုတင်ခြေရင်းကနေ ခုတင်ဘေးဖက်ရောက်တာတယ် …
ကြောက်စိတ်ကြောင့် ထွက်ပြေးချင်ပေမယ့် တကိုယ်လုံးက ဆေးတို့ခံထားရသလို တောင့်တင်းနေတယ် … လှုပ်ရှားလို့မရ …

ကြောက်လွန်းလို့ မျက်စိကို မှိတ်ထားမိတယ် … ဒါပေမယ့် အသိအာရုံက ခုတင်ဘေးက တစုံတယောက်က အပေါ်ကမိုးပြီးစိုက်ကြည့်နေသလိုမျိုးကို ခံစားနေရတယ် … ကြောက်စိတ်တွေ လွန်ကဲနေပါပြီ … မျက်စိကိုတော့ မှိတ်ထားတုန်း …

မျက်နှာပေါ် တစက်စက်နဲ့ စေးထန်းထန်း ရေစက်တချို့ကျလာတယ် … မျက်စိဖွင့်မိတယ် …
အပေါ်ကနေမိုးပြီး စိုက်ကြည့်နေတာပါ … ခုန ရေစက်တွေက သူမ ပါးစပ်က ကျလာတဲ့ သွေးစက်တွေ …

ကျမကို စားမတတ်ဝါးမတတ် ကြည့်နေတဲ့အကြည့်တွေက သူမ အရမ်းဒေါသထွက်နေမှန်း သိသာနေပါတယ် … အဲဒီနောက်တော့ ပိုဆိုးလာပြိး လည်ပင်းညစ်ပြီး ကျမကိုအသေသတ်ဖို့ ကြိုးစားလာတယ် … အသက်ရှုတွေ မွန်းကြပ်လာပြီး … အဲဒီနောက်တော့ ကျမ သတိလစ်သွားခဲ့ပါတယ် …

------------------------------------------------

ပုံပြင်ကတော့ ဒါပါပဲ … ဖတ်လို့ကောင်းလားဗျ … သရဲပုံပြင်တော့မဟုတ်ပါဘူး … sleep paralysis ရတဲ့ လူနာတယောက်ရဲ့ အတွေ့အကြုံကို ဆေးပညာဝဘ်ဆိုဒ်တခုကနေ ဘာသာပြန်ပေးထားတာပါ …

အဲဒီလို အဖြစ်ပျက်မျိုးတွေကို ကမ္ဘာအရပ်ရပ်မှာ ဇာတ်လမ်းအမျိုးမျိုးနဲ့ တွေ့မြင်တတ်ကြပါတယ် … ဂြိုလ်သားတွေက ဆွဲခေါ်သွားတာတို့ ဆံပင်ဖားလျားနဲ့ အမျိုးသမီးတယောက် ခုတင်ခြေရင်းမှာရပ်ပြီး စိုက်ကြည့်နေတာတို့ … တောကျောင်းက သရဲမွေးထားတယ်လို့ နာမည်ကြီးနေတဲ့ နေရာတွေမှာ သရဲက အိပ်နေတုန်း ခွစီးတာတို့ … နေရာဒေသကိုလိုက်ပြီး ဇာတ်လမ်းကအမျိုးမျိုးပေါ့ …

ဒါပေမယ့် အဲဒီဇာတ်လမ်းတွေ အကုန်လုံးမှာ အခြေခံ တူညီတဲ့အချက်တွေ ရှိပါတယ် … ဥပမာ နိုးလာတဲ့အချိန်တွေမှာ လူက လန်းဆန်းနေတတ်ပါတယ် (အိပ်ရေးမ၀တဲ့ပုံစံမျိုးမဟုတ်ဖူး.. အနဲဆုံး နိုးမှန်းသိနေတယ်ပေါ့ဗျာ)၊ မျက်လုံးကလွဲပြီး ခြေလက်တွေ လှုပ်ရှားလို့မရဘူး .. စကားပြောလို့မရဘူး(လေးလေးလံလံ အရာဝတ္တုတခုခုက ဖိပြီးချုပ်ထားသလို ခံစားရတယ်) … တခါတရံ အသက်ရှု မွမ်းကျပ်လာတာမျိုးတွေ ခံစားရတယ် … ထင်ယောင်ထင်မှား ဖြစ်တတ်တယ် (တစုံတယောက်က စိုက်ကြည့်နေတာကို မြင်ရတာမျိုး) …

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့သူဟာ အိပ်မက်မက်ခဲပါတယ် … အိပ်တ၀က် နိုးတ၀က်အချိန်မှာ အိပ်မက်မက်တာ များပါတယ် … sleep paralysis hallucination (အဲဒီလို မကောင်းဆိုးဝါး မြင်မက်တာမျိုးတွေ) ဖြစ်တာကတော့ အဲဒီ အိပ်တ၀က် နိုးတ၀က်အချိန်နဲ့ နိုးထတဲ့ အချိန်ကြားမှာ ဖြစ်တယ်လို့ ဆိုပါတယ် …

အဲဒါကြောင့် အိပ်တ၀က်နိုးတ၀က် အိပ်မက်တွေ မက်တတ်တယ် … တချိန်တည်းမှာပဲ လူဟာ နိုးထနေတဲ့ အသိကို ခံစားရတတ်ပါတယ် … အဲဒါကြောင့်လဲ အိပ်မက် မဟုတ်တာ သေချာတယ်ဆိုပြီး လက်တွေ့ဘ၀မှာ ဖြစ်ပျက်နေသလိုမျိုး မြင်တွေ့ ခံစားရတာပါ …

အသိစိတ်က နိုးထနေပေမယ့်လဲ ဦးနှောက်ရဲ့ ခနာကိုယ်ကို လှုပ်ရှားအလုပ်လုပ်စေတဲ့ အပိုင်းတွေက အလုပ်မလုပ်သေးတဲ့အတွက် လူက နိုးနေပေမယ့် ခနာကိုယ်က လှုပ်ရှားမရတာမျိုးတွေ ဖြစ်တတ်ပါတယ် …

ထုံးစံအတိုင်း စိတ်ဖိစီးမှုများတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် … အိပ်ချိန်မမှန် အိပ်ရေးမ၀တဲ့သူတွေမှာ ဖြစ်တတ်ပါတယ် … အိပ်ရာအပြောင်းလဲ ရေမြေဒေသ အပြောင်းလဲမှာ ဖြစ်တတ်ပါတယ် …

တရားထိုင်တာမျိုး ပုတီးစိတ်တာမျိုး စိတ်ကိုတည်ငြိမ်အောင် လုပ်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ် … တောရဘုန်းကြီးကျောင်းတွေမှာ သရဲတက်စီးတာကို ပဌာန်းရွတ်လိုက်တော့မှ တဖြည်းဖြည်းနဲ့ ပြန်ဆင်းသွားတယ်ဆိုတာမျိုးကလဲ အဲဒီသဘောတွေပါပဲ … ပဌာန်းကို အာရုံပြုပြီး စိတ်တည်ငြိမ်အောင် လုပ်လိုက်တာပါ …

ထေရ၀ါဒဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ၃၁ ဘုံမှာ ကျင်လည်ရတဲ့ ဘ၀တွေကို ယုံကြည်ပါတယ် ... သရဲဆိုတာကလဲ ပေတလောကသား ပြိတ္တာတွေပါ ... အောက်ဘုံတွေက ဆင်းရဲငတ်ပြတ်လွန်းတဲ့ ဘ၀တွေပါ ... သူတို့ဘ၀တွေမှာ ပူလောင်စရာတွေအပြည့်နဲ့ ရှိပြီးသားကို အားအားယားယားနဲ့ လူတွေကို လာခြောက်လှန့်တယ်ဆိုတာမျိုးတွေက တွေးကြည့်ဖို့ကောင်းပါတယ် ... ဖြစ်နိုင်ပါ့မလား ...

အများစုက ကိုယ့်ဆီက အကူညီတောင်းခံချင်လို့ လာကြတာသာ ဖြစ်ပါတယ် ... တခါတလေ သူတို့နေတဲ့ ဘုံဗိမာန်တွေကို ကိုယ်ကသွားနှောင့်ယှက်လို့ ပြန်တုံ့ပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ် ... ဒါပေမယ့် နေရင်းထိုင်ရင်းတော့ ဘယ်သရဲကမှ လျှာကြီးထုတ်ပြနေစရာအကြောင်းမရှိပါဘူး ...

မင်္ဂလသုတ်မှာ ဗာဟုသိစ္စဉ္စ သိပ္ပဥလို့ ဟောခဲ့ပါတယ် ... ခေတ်ပညာ သိပ္ပံအတတ်ပညာတွေကို လေ့လာပြီး အမှားမှန် ခွဲခြားဝေဖန်တတ်ဖို့အတွက်ပါ ... ပွင့်လင်းတဲ့ အမြင်ရှိဖို့ပါ ... အရိပ်လိုလို မြင်လိုက်တိုင်း ခြေသံတရှပ်ရှပ် ကြားလိုက်တိုင်း သရဲသရဲထအော်နေလို့ကတော့ ထေရ၀ါဒါအမည်ခံတာဟာ လူရီစရာကောင်းသွားပါလိမ့်မယ် ...

ဓါတ်လုံး
www.datlone.com

0 comments:

Post a Comment