မြန်မာ့ပညာရေး မဟာအလွဲများ

ကျွန်တော် ဒီတစ်ခေါက် ဇာတိမြေပြန်တော့ ထုံးစံအတိုင်း ပညာရေးအသိုင်းအ၀ိုင်းက မိတ်ဆွေတွေထံကို သွားလည်မိပါတယ်။ သူတို့နဲ့တွေ့ဆုံရတာ ပညာရေးအကြောင်းတွေလည်း မျက်ခြေမပြတ်၊ ရင်ဖွင့်သံတွေ လည်းကြား၊ စာရေးဖို့ ကုန်ကြမ်းတွေလည်းရတတ်လို့ ယခင်မိတ်ဟောင်းဆွေဟောင်း ဆရာတွေကို မဖြစ် မနေ သွားရောက်တွေ့ဆုံ စကားတွေပြောမကုန်အောင်ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက် ထူးဆန်းတဲ့စကားတစ်ခွန်းကို ကြားရတယ်။ "လေးတန်းကျောင်းသား သတင်းစာမဖတ်တတ်ဘူး"။ ထူးဆန်းလိုက်တဲ့စကားကို ပြောသူက ကျွန်တော့် ဆရာ လက်ထောက်မြို့နယ်ပညာရေးမှူးတစ်ယောက်။ "နိုင်ငံတော်အကြီးအကဲက ဒုတိယတန်းရောက်ရင် သတင်းစာလေးတော့ ဖတ်တတ်အောင် လုပ်ပေးကြပါ" လို့ပြောလိုက်တယ်။ သိတယ်မဟုတ်လား ဒီမှာက လူကြီးတစ်ခွန်းပြောလိုက်မှာ ပြူးပြူးပြာပြာ ဖြစ်ကုန်ကြတာ။ ဒါနဲ့ ပညာရေးသုတေသနက ပညာရှင်တွေ သုတေသနသမားတွေ ကျွန်တော်တို့နယ်ကို ဆင်းလာကြ တယ်။ ကျောင်းတွေကို တစ်ကျောင်းဝင် တစ်ကျောင်းထွက် သတင်းစာဖတ်ပွဲကြီးတွေ လိုက်ကျင်းပကြတယ်။ ပထမဦးဆုံး ဒုတိယတန်းကို ၀င်တယ်။ ကလေးတစ်ယောက်ကိုခေါ်ပြီး သတင်းစာဖတ်ခိုင်းတယ်။ စာလုံးတောင် မပေါင်းတတ်ဘူး။ နောက် တတိယတန်းကိုတက်၊ သတင်းစာဖတ်ခိုင်း မရ၊ စတုတ္ထတန်းကို တက်၊ သတင်းစာ ဖတ်ခိုင်း မရ၊ နောက်ဆုံး ပဉ္စမတန်းအထိတက်၊ သတင်းစာဖတ်ခိုင်း။ သေချင်စော်နံသွား တယ်။ မဖတ်တတ်ဘူး။ နောက်တစ်ဆင့် မတက်ခိုင်းတော့ဘူး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြန်လာခဲ့ကြတယ်။ ခုထိ အဖြေလည်းမရှာ၊ အမေးလည်းမထုတ် ဘာမှလည်းမလုပ်နဲ့ သုတေသနဆိုတာ ရှာဖို့သက်သက်ပဲ လာလုပ်တယ် ထင်ပါတယ်။ ကလေးတွေ စာမဖတ်တတ်တော့တာတော့ အမှန်ပဲ" လို့ ဆရာက စကားစ ဖွင့်လိုက်တယ်။ ဒီမှာတင် မူလတန်းကျောင်းအုပ်ကြီးတစ်ယောက်က "ဆရာတို့ လွှတ်လိုက်တဲ့ ဆရာမအသစ်တွေကလည်း ကြည့်ဦးလေဗျာ "သြ" ကို "သ ရရစ် အော" လို့ ကလေးတွေကို စာလုံးပေါင်းသင်တယ်။ ကကြီး ခခွေး သဝေထိုး အရစ်အဆွဲမမှန်၊ စာကို ဋ္ဌာန်ကရိုဏ်းကျကျ မဖတ်တတ်။ ၀လုံးနဲ့ သုည ဆွဲချင်သလိုဆွဲ။ ကလေးတွေကို စာလုံးမပေါင်းပြဘဲ အလွတ်တိုင် အလွတ်လိုက် ဆို၊ အလွတ်လိုက်ရေး အောင်မှတ်ပေးနေတာ" လို့ ထပြောလိုက်တယ်။ "သတင်းစာ မဖတ်တတ်ဘူးဆိုတဲ့ ကလေးကို ဖတ်စာအုပ်ဖတ်ခိုင်းတော့လည်း အဆင်ကို ချောနေတာပဲ။ ကလေးတွေ ကျောင်းစာကိုပဲ သိတော့တယ်။ အပြင်စာကို လုံးဝမဖတ်နိုင်တာ" "ကျောင်းစာကို သိတယ်ဆိုတာ နေ့စဉ် အတိုင်အဖောက်နဲ့ ဆရာက ဖတ်ပြနေတဲ့အတိုင်း သိတာ။ စာလုံးပေါင်းဖတ်နည်းကို ဆရာကလည်း မတတ်၊ တပည့်တွေကိုလည်း အချိန်ကုန်ခံပြီးမသင်တော့ စာဘယ် မှာဖတ်တတ်တော့မှာလဲ" ကျွန်တော်တို့ စကားဝိုင်းက ကောင်းလာတယ်။ ကျွန်တော်တို့ ကလေးတွေ စာမဖတ်တတ်တာကို အဖြေရှာ ကြည့်ကြတယ်။ ပထမအချက်က ဆရာတွေကိုယ်တိုင် စာမဖတ်ဘူး။ စာဖတ်အားနည်းရတဲ့အထဲ မပြေလည် တာကို အကြောင်းပြပြီး ကျူရှင်တွေ ခေါ်သင်တယ်။ ကျူရှင်သင်တယ်ဆိုလို့ အထွေအထူးတတ်အောင် မဟုတ်ဘူး ကျောင်းသင်စာကို အိမ်ခေါ်ပြီး ပြန်အော်ခိုင်းတာ။ ပိုက်ဆံယူကောင်းအောင်ပေါ့။ ကလေးတွေ ကျောင်းလွှတ်ရင်အိမ်လာ။ တစ်နာရီ နှစ်နာရီလောက် စာအော်ကြ။ ဆရာမကတော့ အိမ်နောက်ဖေးမှာ ချက်ပြုတ် လျှော်ဖွတ်မပျက် ဒီကနေ စပျက်တော့တာပဲ။ နောက်တစ်ချက်က ကျောင်းတွေမှာ ကလေးတွေ စာဖတ်အားတက်စေတဲ့ စာအုပ်၊ စာပေတွေ မရှိတော့ဘူး။ စာကြည့်တိုက်မရှိဘူး။ ရှိလည်း ဖွင့်မပေးဘူး။ ကလေးတွေဆိုတာ မျက်စိထဲမှာ အရုပ်များများနဲ့ စာတွဲထား တာမြင်ရင် စိတ်ဝင်စားကြတယ်။ လိုက်ဖတ်တယ်။ ကာတွန်းကြိုက်တယ်။ ကာတွန်းတွေ့ရင် လိုက်ဖတ် တယ်။ ကာတွန်းစာအုပ် ကျောင်းယူလာရင် ဆရာကသိမ်းပြီး သူကိုယ်တိုင် ကာတွန်းစာအုပ်ကို အတန်း ရှေ့မှာ ထိုင်ဖတ်နေတဲ့ အဆင့်လောက်ရှိတဲ့ ဆရာတွေနဲ့ ပညာခေတ်ကို မထူထောင်နိုင်ဘူး။ ကျွန်တော်တို့ ကနေ့စာဖတ်နေတာ၊ စာရေးနိုင်တာတွေဟာ သုံးတန်း လေးတန်းလောကတုန်းက ကျောင်း စာကြည့်တိုက်ကြောင့်ပါ။ ကျောင်းစာကြည့်တိုက်ကို ၀င်ကြေးတစ်မတ်ပေးရတယ်။ ကတ်ပြားထုတ်ပေး တယ်။ စာအုပ်ငှားလို့ရတယ်။ စာကြည့်တိုက်ထဲမှာ ထိုင်ဖတ်လို့ရတယ်။ ကျွန်တော်တို့ ပုံပြင်စာအုပ်တွေကို ကျောင်းလွှတ်တိုင်း အလုအယက်သွားဖတ်ကြတယ်။ အိမ်ကိုငှားရင်လည်း ပုံပြင်စာအုပ်တွေပဲငှားတယ်။ စာကြည့်တိုက်ထဲမှာ ဘားမားစတားကာတွန်းစာစောင်တွေ ပုံထားတယ်။ မောင်ကမ္ဘာကာတွန်းစာအုပ်တွေရှိ တယ်။ ကာတွန်းတွေဖတ်ကြတယ်။ သတင်းစာလည်း ထားပေးထားတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ အပုံလိုက် စားပွဲပေါ်တင်ပေးထားတယ်။ မနက်စောစောကျောင်းမတက်ခင်တစ်ချိန်၊ နေ့ခင်းထမင်းစားလွှတ်ချိန် တစ်ချိန်စာကြည့်တိုက်ထဲ ပြေးပြီး စာအုပ်လုကြတာအရသာတစ်မျိုးလို ခုထိခံစားရတယ်။ အဲဒီအချိန်က သဘောထားကြီးစွာနဲ့ စာကြည့်တိုက်ဖွင့်ပေးတဲ့ ဆရာတွေကို ကျေးဇူးတင်မိတယ်။ ကျွန်တော် နာမည်ကြီးကျောင်းကြီးတစ်ကျောင်းမှာ ပင်စင်မယူမီအထိ အလုပ်လုပ်ခဲ့တယ်။ ကျောင်းကို ရောက်တော့ ကျောင်းအုပ်ကြီးဆီကို စာကြည့်တိုက် ဘယ်မှာလဲလို့ သွားမေးရတယ်။ ကျောင်းအုပ်ကြီးက "ခု စာသင်ခန်းဖွင့်ထားတဲ့ ခုနှစ်တန်းနေရာ" လို့ပြောလိုက်လို့ စာကြည့်တိုက်ကို သွားကြည့်တယ်။ စာအုပ် ဘီရိုကြီးတွေ ခန်းလုံးပြည့် ၁၀ လုံးလောက်ရှိမယ်။ စာအုပ်တွေလည်းအပြည့်။ ဒါပေမယ့် ဖုန်တွေတက်၊ ၀ါညစ်ဆွေးမြေ့နေကြပြီ။ စာကြည့်တိုက်ဘီရိုကိုဖွင့်တဲ့ သော့တောင်ရှာမတွေ့တော့ဘူး။ ကျွန်တော် ဆရာအတတ်သင်တန်း တက်တုန်းကလည်း မှတ်မိသေးတယ်။ ဆရာအတတ်သင်မှာ စာကြည့် တိုက်ရှိတယ်။ တက္ကသိုလ် ကောလိပ်တွေမှာလို ဌာနတစ်ခုအနေနဲ့ ထားပေးပြီး၊ စာအုပ်တွေငှားပေးတာ။ ကျွန်တော် စာကြည့်တိုက်ထဲရောက်တော့ မဖတ်ဖူးသေးတဲ့ စာအုပ်တွေကို ဘီရိုအပြည့်သွားတွေ့တယ်။ နိုင်ငံခြားကနေ လှူဒါန်းထားတဲ့ ပညာရေးဆိုင်ရာ စာအုပ်တွေပေါ့။ စာကြည့်တိုက်မှူးထံကိုသွားပြီး အဲဒီ ဘီရို ဖွင့်ပေးဖို့ပြောတော့ ကျွန်တော့်ကို အထူးအဆန်းလိုမော့ကြည့်ပြီး သူ့စာကြည့်တိုက်မှူးတစ်သက် အဲဒီ ဘီရိုဖွင့် ခိုင်းတဲ့ဆရာနဲ့ တစ်ကြိမ်မှ မကြုံဘူးသေးကြောင်း ၀န်ခံတယ်။ ကဲ ကျွန်တော်တို့တိုင်းပြည်က ဆရာတွေရဲ့ အရည်အသွေးတွေကို အကဲဖြတ်နိုင်မယ်ထင်တယ်။ စာမဖတ်တဲ့ဆရာတွေရဲ့ လမ်းညွှန်သင်ပြမှုအောက်မှာ စာမဖတ်တဲ့ကလေးတွေ ထွက်လာတာလည်း "Garbage in, garbage out" သဘောဖြစ်နေလို့ အဆန်းတော့ မဟုတ်ပါဘူး။ မြန်မာ့ပညာရေးလောကကို creative ဖြစ်တယ်လို့ မပြောနိုင်ဘူး။ ဖတ်စာကိုပုံသေထား၊ ဖတ်စာပဲသင်၊ ဖတ်စာပဲမေး၊ ဖတ်စာထဲကအတိုင်း မဟုတ်ရင် အမှတ်မပေးတဲ့ ပညာရေးစနစ်မှာ creative လည်း ဖြစ်လာမှာမဟုတ်ဘူး။ ဆရာတွေ ကိုယ်က ဘာမှလုပ်လို့မရ၊ လုပ်ပိုင်ခွင့်တွေမရှိတော့ ကြာလေတုံးလေ၊ သံချေးတက်လေနဲ့ နောက်ဆုံး လွှင့်ပစ်လိုက်ရတော့မယ့် အနေအထားအထားထိဖြစ်သွားအောင် စနစ်တကျများ ဖျက်ဆီးနေကြတာလားလို့ တောင် သံသယပွားမိတယ်။ ဆရာတွေ သုံးမရတော့ တပည့်တွေလည်း တုံးလာတယ်။ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုမရှိ နှစ်ပေါင်း များစွာ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီပြဋ္ဌာန်းချက်စာအုပ်တွေကိုပဲ ပုံသေစွဲကိုင်ထားတယ်။ အရိုးစွဲနေတဲ့သူတွေက လည်း သူ့ခေတ်ကစာ၊ သူ့ခေတ်ကအထာတွေကိုပဲ ကောင်းတယ်လို့ထင်ပြီး ရှေးခေတ်ဟောင်း အောင့်မေ့ ဖွယ်တွေကိုပဲ ပြန်သင်ခိုင်းနေကြတယ်။ ကွန်ပျူတာခေတ် အိုင်တီခေတ်မှာ ကွန်ပျူတာမကိုင်ဘူးတဲ့ လူကြီးတွေက ကွန်ပျူတာကို အထင်မကြီးတော့ ကွန်ပျူတာနဲ့ ကွင်းရှောင်လို့ရသမျှ ကွင်းရှောင်ပြီး ပညာရေးအလုပ်တွေ လုပ်နေကြတယ်။ ဒီတော့ ကွန်ပျူတာနဲ့ ပညာရေး အလှမ်းဝေးကုန်တယ်။ ပြီးခဲ့တဲ့လွှတ်တော်အထိ ပညာရေးတွင် အိုင်စီတီကို ထိရောက်အကျိုးရှိစွာ အသုံးချရေးဆိုပြီး အဆိုတင်တာ ကို ထောက်ခံကြောင်းပဲ ပြောတယ်။ ဘယ်လိုအကျိုးရှိအောင်သုံးမှာလဲ၊ ဘယ်လောက်အဆင့်အထိ သုံးမှာလဲ၊ ဘယ်သူတွေနဲ့ သုံးမှာလဲ၊ ဘာတွေကိုသုံးမှာလဲ တိတိပပ ထုတ်ဖော်တင်ပြဆွေးနွေးတာ မတွေ့ရဘူး။ လမ်းဖောက်၊ တံတားဆောက်၊ မီးရထားရပ်ဖို့နဲ့ ကားလမ်းပေါ်လှည်းမတက်ရေးလောက်ကို ဆွေးနွေးနေကြတဲ့ ပြည်သူတွေရဲ့ ပြည်သူ့ကိုယ်စားလှယ် ဆိုတာတွေကိုလည်း စိတ်ပျက်မိတယ်။ လွှတ်တော်နှစ်ကြိမ်ကျင်းပသွားတဲ့အထဲမှာ အိုင်စီတီနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ပညာရေးဖွံ့ဖြိုးတိုးတက် အောင် ဦးဆောင်ဆွေးနွေးသူတွေ တစ်ယောက်မှမရှိဘူး။ ထင်ရှားတာက အိုင်စီတီအကြောင်း၊ အိုင်စီတီနဲ့ နိုင်ငံပြုပြောင်းလဲရင် တိုးတက်မှုမြန်ဆန်ကြောင်း သိသူတွေ လွှတ်တော်ထဲမှာနည်းနေတယ်ထင်ပါရဲ့။ မြန်မာနိုင်ငံမှာ စာမဖတ်တာ အဆန်းမဟုတ်ပါဘူး။ ကျွန်တော့် ပညာရေးဆိုင်ရာ စာအုပ်တစ်အုပ် မကြာ သေးမီက ထုတ်တယ်။ ထုတ်ဝေသူက အုပ်ရေ ၁၀၀၀ (တစ်ထောင်) ထုတ်တယ်တဲ့။ စာပေလောကမှာ အုပ်ရေ ၁၀၀၀ ဆိုတာ bestseller စာရင်းဝင်တဲ့။ မြတ်စွာဘုရား! ကယ်တော်မူပါ။ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်၊ ၆၀ နီးပါး။ စာအုပ်ထုတ်ရင် ၁၀၀၀၊ ဂျာနယ်တွေမှာ ၁၀၀၀၀ (တစ်သောင်း) လောက်ရိုက်ရရင် ထိပ်တန်းတဲ့။ နေ့စဉ်ထုတ်သတင်းစာတွေလည်း သိန်းဂဏန်းပဲရှိတယ်။ အကြည်တော် ဆိုတဲ့ ဟာသစာရေးဆရာရဲ့စာအုပ်က တစ်ကြိမ်ရိုက်ရင် သောင်းဂဏန်းဆိုတော့ ကျွန်တော်တို့ထက် သာတယ်။ စာမတတ်၊ စာမဖတ်တဲ့သူတွေနဲ့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ဦးမယ် ဆိုတာကတော့ နည်းနည်းလေးလွဲနေပြီထင်ပါတယ်။ နောက်ဆုံးပြောချင်တာက - ကလေးတွေကို စာဖတ်နိုင်အောင်လုပ်ပေးကြပါ။ ပြန်ကြားရေးဌာနက စာကြည့်တိုက်တွေ ကျေးရွာ ရပ်ကွက်အထိ လိုက်ဖွင့်ပေးနေတယ်ဆိုပြီး လူကြီးလာမှ စာလာဖတ်ပြတာမျိုး မလုပ်ကြပါနဲ့၊ -စာဖတ်ချင်အောင် အသင်းအဖွဲ့လေးတွေ သူတို့စိတ်ကြိုက်ဖွဲ့စည်းခွင့်ပေးပါ။ အသင်းအဖွဲ့ကို မကြောက်ပါနဲ့။ ဒီမိုကရေစီ အဲဒီကစတာပါ။ ပါတီတွေ အဲဒီကနေစရတာပါ။ တူသူတွေပေါင်းစည်း ခွင့်ကို အစိုးရဆိုတာကြီးနဲ့ မလွှမ်းမိုးထားပါနဲ့ - ကျောင်းတွေမှာ စာကြည့်တိုက်တွေပြန်ဖွင့်ပါ။ စာအုပ်တွေကို update ဖြစ်အောင် အမြဲလုပ်ပါ။ စာကြည့်တိုက်သုံးမှ စာမေးပွဲဖြေနိုင်၊ အမှတ်ကောင်းကောင်းရနိုင်တယ်ဆိုတာကို ဆရာတွေလည်း လက်ခံနိုင်အောင် ပြန်ပြီးလေ့ကျင့်ပါ။ တပည့်တွေလည်း ကျင့်သုံးနိုင်အောင် ဆောင်ရွက်ပေးပါ။ -ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးဖို့ဆိုတာ ပညာရေးမှာ ခေတ်မီအောင်အရင်လုပ်မှရပါလိမ့်မယ်။ အိုင်စီတီ ကို အလျှံပယ်သုံးနိုင်ရေး ကျောင်းတွေမှာ စီစဉ်ပေးပါ။ ကွန်ပျူတာကိုင်ခွင့်ရှိအောင်၊ အင်တာနက် သုံးတတ်အောင် အခွင့်အရေးတွေပေးပါ။ မသုံးရင် မဖြစ်လောက်အောင် သင်ရိုးနဲ့ ပြဋ္ဌာန်းချက်တွေ ကို ပြင်လိုက်ရင်ပိုကောင်းပါတယ်။ -မြန်မာ့ပညာရေးစနစ်ဟာ ကြိမ်ဖန်များစွာပြန်သုံးနေတဲ့ ချဉ်ဖတ်အိုးကြီးနဲ့တူနေပါတယ်။ ကဇော် ဖောက်ထားသလို ချဉ်စော်နံပြီး အံချင်စရာကောင်းနေပါတယ်။ အထူးသဖြင့် အဲဒီချဉ်ရေစိမ်အိုးထဲ မှာ ဆရာတွေရဲ့ အနေအထားက ပိုဆိုးပါတယ်။ မြောင်းထဲရောက်နေတဲ့ ဆရာတွေရဲ့ဘ၀ကို ပြန်ဆွဲတင်ပေးပါ။ -ပညာရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ပုဂ္ဂလိကပညာရေးကို ခွင့်ပြုလိုက်ရင် ရရှိလာမယ့်အကျိုးဆက်ဟာ အစိုးရအတွက် အကောင်းတွေဖြစ်လာမှာမဟုတ်ပါဘူး။ ပညာရေးကို ချိုးနှိမ်ထားရာကနေ၊ ရန်မဖြစ်တတ်တဲ့ကလေးနဲ့ ရန်ဖြစ်တတ်တဲ့ စွာလန်ကျယ်ကလေးကို ရန်တိုက် ပေးလိုက်ရင် ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။ တင်ညွန့် http://thettantcho.grou.ps/talks/6773524 ဒီနေရာမှ ကူးယူပါသည်။